Life Style

Personal Boundary

အားလုံးပဲ မင်္ဂလာပါ။

ကျွန်မကတော့ အိဖြိုးမွန် ပါ။ ယခုတစ်ပတ် မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ ခေါင်းစဉ်လေးကတော့ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ သတ်မှတ်ထားသင့်တဲ့ ” Boundary” တွေအပြင် စာဖတ်သူများအတွက်လည်း မိမိတို့ သတ်မှတ်ထားတဲ့ ” Boundary” လေးတွေက ဘာတွေဖြစ်မလဲဆိုတာ လိုက်စဉ်းစားကြည့်လို့ရအောင် ယခုတစ်ပတ်မှာ ကျွန်မက “Personal Boundary” ဆိုတဲ့ခေါင်းစဉ်ဖြင့် အနည်းငယ် ရေးသားသွားပါမယ်။

  • What Are Personal Boundaries?

Personal Boundaries ဆိုတာ ကျွန်မတို့နှင့် ဆက်နွယ်နေရတဲ့ လူမှုဆက်ဆံရေးတွေ၊ နေ့စဉ်အလုပ်တွေနှင့် ဖြတ်သန်းရတဲ့ တစ်နေ့တာဘဝတွေထဲမှာ အထိအခိုက်၊ အနှောင့်အယှက်မရှိရလေအောင် ကိုယ်တိုင်သတ်မှတ်ထားတဲ့ Boundaries တွေပဲ ဖြစ်ပါတယ်။ ဒီ Boundaries တွေက မိမိ၏ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝပိုင်းဆိုင်ရာ  ငြိမ်းချမ်းမှုများအပါအဝင် အချိန်နှင့် energy တွေကိုပါ အပြည့်အဝရရှိနိုင်အောင် ကာကွယ်ထားလို့ရတဲ့ သတ်မှတ််ချက်တစ်ခုပဲ ဖြစ်ပါတယ်။ မိမိအတွက် ကိုယ်ပိုင် Boundaries ကန့်သတ်ထားခြင်းဖြင့် ပိုမိုအဆင်ပြေစေသော ဆက်ဆံရေးများ၊ မိမိဘဝကို ပိုမိုတည်ငြိမ်အောင် တစ်ထောင့်တစ်နေရာကနေ ထိန်းချုပ်နိုင်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု တိုးတက်စေလာခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်နှင့် ပြောဆိုဆက်ဆံရာတွင် တစ်ဦးပေါ်တစ်ဦး သက်ဆိုင်ရာ နယ်ပယ်အလိုက်လေးစားမှုရရှိစေတဲ့အထိ အရေးပါပါတယ်။ ဒီလိုကန့်သတ်မှုများ ထားခြင်းဖြင့် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေရန်အတွက် များစွာ အထောက်အကူပြုပေးပါလိမ့်မယ်။

Personal Boundaries အမျိုးအစား (၅) မျိုးကို ဆက်လက်ပြောပြပေးပါမယ်။ 

(1) Physical Boundaries 

မိမိသတ်မှတ်ထားသော ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များအပေါ်  လိုအပ်တာထပ်ပို၍ ထိခိုက်မှုများရှိလာပါက အဆင်ပြေ၊ မပြေကို တစ်ဖက်သူသိရှိစေရန် ပြောပြ၊ ဖော်ပြခြင်း။

(2) Emotional Boundaries

မိမိ၏ စိတ်ခံစားချက်များကို မိမိကိုယ်တိုင်ထိန်းချုပ်၊ ကာကွယ်နိုင်အောင် ပြင်ဆင်ထားပြီး အခြားသူမှ လိုအပ်တာထက်ပိုမိုပါဝင်၍ ထိန်းချုပ်ခွင့် မပေးခြင်း။

(3) Time Boundaries

မိမိ၏အချိန်များကို စီမံခန့်ခွဲရာတွင် အလုပ်ချိန်နှင့် မိမိကိုယ်ပိုင်အချိန်ကို သေချာစွာ ခွဲခြားထားခြင်း။

(4) Mental Boundaries

မိမိကိုယ်ပိုင် ထားရှိရန်လိုအပ်သော အတွေးအမြင်များ၊ ခံယူချက်များနှင့် ယုံကြည်ချက်များကို မိမိကိုယ်တိုင်လေးစားမှုရှိအောင် သတ်မှတ်ထားရန် လိုအပ်ခြင်း။

(5) Material Boundaries

မိမိ၏ ငွေကြေး၊ အသုံးအဆောင်ပစ္စည်း၊ အရင်းအနှီးများကို ဘယ်အတိုင်းအတာထိ မျှဝေမလဲဆိုတာကို သတ်မှတ်ထားခြင်းများကို ဆိုလိုပါတယ်။

နောက်ဆုံးအနေဖြင့် မိမိတို့၏ဘဝကို ကောင်းစွာ စီမံနိုင်ရန်နှင့် ကိုယ့်ကိုယ်ကိုကောင်းစွာ ထိန်းသိမ်းနိုင်ရန် မိမိဘဝထဲသို့ ဝင်ရောက်ရန် ခွင့်ပြုမည့် လူတွေကို ရွေးချယ်ခြင်းက အရေးပါပြီး မဖြစ်မနေ လိုအပ်ပါတယ်ဟု ရေးသားရင်း ဒီတစ်ပတ်အတွက် ခေါင်းစဉ်လေးကို ဒီမှာပဲ ရပ်လိုက်ပါမယ်။ နောက်တစ်ပတ်တွေမှာလည်း လေ့လာလို့ မကုန်နိုင်သော နည်းပညာများကို ပြန်လည်ဝေမျှပေးသွားပါဦးမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။

Hello