Work Style

အလုပ်အကိုင်တိုးတက်ရေးအတွက် ယုံကြည်မှုကို ဖော်ဆောင်ခြင်း(Unlocking Trust For Career Growth)

မင်္ဂလာပါရှင့်။
ညီမကတော့ Spiceworks Myanmar မှ ဆုရည်ထွန်းပါ။ ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ လုပ်ငန်းခွင်အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအတွက် မိမိအလုပ်ရှင် (သို့မဟုတ်) မိမိအထက်လူကြီးရဲ့ ‘ယုံကြည်မှုကို ဖော်ဆောင်ခြင်း’ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဂျပန်လုပ်ငန်းခွင်မှာ အလုပ်လုပ်ဖူးသူတွေ (သို့မဟုတ်) မကြာမီ အဲ့ဒီပတ်ဝန်းကျင်ကို တွေ့မြင်လာမယ့်သူတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

မာတိကာ
1. လုပ်ငန်းခွင်ယုံကြည်မှု ဆိုတာဘာလဲ?
2. ယုံကြည်မှုတည်ဆောက်ရန် အဓိကအချက် (၅) ချက်
3. နိဂုံးချုပ်

1. လုပ်ငန်းခွင်ယုံကြည်မှု ဆိုတာဘာလဲ?
သူတစ်ပါး၏ လက်အောက်တွင်လုပ်ကိုင်နေသည့် မည်သည့်လုပ်ငန်းခွင်မဆို မိမိအလုပ်ရှင် (သို့မဟုတ်) မိမိအထက်လူကြီးရဲ့“ယုံကြည်မှု” ရဖို့က အလွန်အရေးကြီးပါတယ်။

ဂျပန်လုပ်ငန်းခွင်တွင် ယုံကြည်မှု (信頼 – Shinrai) တည်ဆောက်ခြင်း
ဂျပန်လုပ်ငန်းခွင်မှာ ယုံကြည်မှု ဆိုတာ—
● လုပ်ရိုးလုပ်စဉ်တစ်ခုတည်းနဲ့ မရနိုင်ဘဲ အချိန်နဲ့အမျှ ကျင့်သုံးရသော အရာ ဖြစ်ပါတယ်။
● ဂျပန်လူမျိုးတို့အတွက် ယုံကြည်မှုဆိုသည်မှာ “လုပ်ဖော်ကိုင်ဖက်အပေါ် စိတ်ချမှု” ကို အခြေခံပါတယ်။

2. ယုံကြည်မှုတည်ဆောက်ရန် အဓိကအချက် (၅) ချက်

အလုပ်ထဲမှာအမြဲ အားကိုးခံရပြီးတော့ ဂျပန်အလုပ်ရှင် (သို့မဟုတ်) အထက်လူကြီးယုံကြည်မှုရပြီး ဂျပန်တွေနဲ့အမြဲအဆင်ပြေနေတဲ့သူ၊ ဂျပန်တွေရဲ့လေးစားမှုခံရတဲ့သူမျိုးဖြစ်ဖို့ဆိုရင် အောက်ပါအချက် (၅) ချက်ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။
1. အချိန်စီမံခန့်ခွဲမှု (Time Management)
2. 報・連・相 (ほう・れん・そう) – Hou-Ren-Sou
3. တာဝန်ယူမှု (Responsibility)
4.အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်မှု (Teamwork & Attention)
5. စကားပြောဆိုနည်းနှင့် ရိုးသားမှု (Communication & Honesty)
စတဲ့ အချက် (၅) ချက် ပဲဖြစ်ပါတယ်။ အသေးစိတ်တစ်ခုချင်း ဆွေးနွေးသွားပါမယ်။

(2.1) အချိန်စီမံခန့်ခွဲမှု (Time Management)
ဂျပန်လူမျိုးများအတွက် အချိန်တိကျမှုသည် လုပ်ငန်းခွင်အခြေခံစည်းကမ်း ဖြစ်ပြီး လူတစ်ဦး၏ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်သည့် အဓိကအချက်တစ်ခုဖြစ်သည်။
နောက်ကျခြင်း = အလုပ်ကို မလေးစားခြင်း ဟု အလိုအလျောက်သတ်မှတ်ကြပါတယ်။

လက်တွေ့လိုက်နာရမည့် အချိန်စည်းမျဉ်းများ
• အလုပ်ချိန်စတင်ခြင်း
နံနက် ၉:၀၀ တွင် အလုပ်စတင်ပါက ၈:၄၅ (အနည်းဆုံး ၁၅ မိနစ်စော) တွင် ရောက်ရှိနေရမည်။
ရုံးတက်ချိန်အတွက် ကြိုတင်ပြင်ဆင်ချိန် (ကော်ဖီသောက်ခြင်း၊ ကွန်ပျူတာဖွင့်ခြင်း) ကို ထည့်သွင်းစဉ်းစားပါ။

• အစည်းအဝေးနှင့် Online Meeting
Zoom/Teams Meeting တွင် Meeting စချိန်မတိုင်မီ (၂-၃) မိနစ် ကြိုတင်၍ Login ဝင်ပါ။

ဂျပန်ယဉ်ကျေးမှုတွင် “時間厳守” (Jikan gen-shu – အချိန်တိကျမှန်ကန်စွာလိုက်နာခြင်း) ကို လူမှုရေးအရ အလေးအနက်ထားကြပြီး ရထား၊ ဘတ်စ်ကား စသည့် အများပြည်သူသုံးယာဉ်များပင် စက္ကန့်အတိအကျ အလုပ်လုပ်ကြပါတယ်။

(2.2) 報・連・相 (ほう・れん・そう)
ဂျပန်မှာအလုပ်လုပ်နေတဲ့သူ၊ ဂျပန်လုပ်ငန်းခွင်မှာ အလုပ်လုပ်ဖူးသူတွေဆိုရင် 報連相(ほうれんそう)ဆိုတာ ဂျပန်လုပ်ငန်းခွင်မှာ အလွန်အရေးကြီးတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဆိုတာသိကြမှာပါ။
報・連・相 (ほう・れん・そう) ဆိုတာ ‘報告・連絡・相談’ ရဲ့အတိုကောက်ဖြစ်ပါတယ်။

報告 (Hou-koku) — Report
လုပ်ဆောင်ပြီးသည့် အလုပ်များ၊ ပြဿနာများ၊ ရလဒ်များကို အထက်လူကြီး၊ အဖွဲ့ဝင်များထံ မှန်မှန်ကန်ကန် တင်ပြခြင်း ဖြစ်ပါတယ်။

連絡 (Ren-raku) — Inform
အရေးကြီးသော ပြောင်းလဲမှုများ၊ အခြေအနေသစ်များကို သက်ဆိုင်ရာသူများအား သတိပေးခြင်း၊ ဆက်သွယ်ပေးခြင်း ဖြစ်ပါတယ်။

相談 (Sou-dan) — Consult
အခက်အခဲတွေ၊ ဆုံးဖြတ်ရန် မသေချာသေးသောအရာများအတွက် အကြံဉာဏ်တောင်းခြင်း၊ ဆွေးနွေးခြင်း ဖြစ်ပါတယ်။

ဘာကြောင့်報・連・相 (ほう・れん・そう)က အရေးကြီးလဲ?
1. အလုပ်အခြေအနေ ပိုမိုသိရှိမှု
2. ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်ခြင်း
3. ယုံကြည်မှု တည်ဆောက်ရေး
4. မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်မှု
5. အဖွဲ့အတွင်း ယုံကြည်မှု တည်ဆောက်နိုင်ခြင်း စတဲ့ ကောင်းကျိုးများကြောင့် ဂျပန်လုပ်ငန်းခွင်မှာတော့ အထက်လူကြီးတွေနဲ့ ယုံကြည်မှု ပိုမိုတည်ဆောက်ဖို့ အရေးကြီးတဲ့ ရိုးရာဆက်သွယ်မှုနည်းလမ်းတစ်ခုအဖြစ် ကျင့်သုံးလိုက်နာကြပါတယ်။

အလုပ်ကို အစီရင်ခံမှုမပြုဘဲ တိတ်တဆိတ်လုပ်ခြင်း (silent work) က တခါတလေ ဂျပန်လုပ်ငန်းခွင်မဟုတ်ဘဲ အခြားနိုင်ငံအလုပ်ခွင်တွင်သာ အသုံးဝင်နိုင်ကောင်းပေမယ့် ဂျပန်မှာတော့ “မပြောဘဲ လုပ်ခြင်း” ဟာ မလုံလောက်ပါဘူး။ မိမိတာဝန်ယူထားတဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး “ငါသိတယ်၊ ငါလုပ်နေတယ်” ဆိုတာကို သက်သေပြဖို့ လုပ်ငန်းစဉ်အခြေအနေ၊ ပြဿနာ၊ တိုးတက်မှုတွေကို တိတိကျကျ ဖော်ပြပေးရပါမယ်။

ဒီဘက်ခေတ်ဂျပန်လူငယ်အများစုလည်းပဲ တကယ်က 報連相(ほうれんそう)ကိုသေချာမလုပ်နိုင်တာများပါတယ်။ ဒါပေမယ့် မိမိက ဂျပန်မှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတစ်ယောက် (သို့မဟုတ်) ဂျပန်လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့သူအနေနဲ့ ဆိုရင်တော့ 報連相(ほうれんそう)သေချာလုပ်ဖို့လိုအပ်ပါတယ်။ ပုံမှန် တစ်နေ့တစ်ခါ (သို့မဟုတ်) အပတ်စဉ် မိမိအလုပ်အခြေအနေများကို အထက်လူကြီးထံ တင်ပြပြီး အရေးကြီးတဲ့ သတင်းများ အချိန်မီ သတိပေးပါ။

(2.3)တာဝန်ယူမှု (Responsibility)
လုပ်ငန်းခွင်တွင် တာဝန်ယူမှုရှိသူသည် အထက်လူကြီးများ၏ ယုံကြည်အားကိုးခံရသူဖြစ်ပြီး၊ အောက်ပါအချက်များကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါတယ်။
ပြောထားသည့်အတိုင်း လုပ်ဆောင်ခြင်း
● မိမိကတိပေးထားသော Deadline အတိုင်း Project ပြီးမြောက်အောင် ကြိုးစားပါ။
● မပြီးမြောက်နိုင်ပါက ကြိုတင်အကြောင်းကြားခြင်းနှင့် အဆင်မပြေမှုအကြောင်းရင်းကို ရှင်းလင်းစွာရှင်းပြရန် လိုအပ်ပါတယ်။

အမှားများကို တာဝန်ယူခြင်း
● ဝန်ခံတောင်းပန်ခြင်း
申し訳ございませんでした။ ဤကဲ့သို့ မဖြစ်စေရန် နည်းလမ်းရှာပါမည်။

● ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း
အမှားမှ သင်ခန်းစာယူပြီး နည်းလမ်းသစ်များ ချမှတ်ခြင်း။
အလားတူအမှား ထပ်မံမဖြစ်စေရန် ကာကွယ်မှုများ ပြုလုပ်ခြင်း။
ဂျပန်လုပ်ငန်းခွင်တွင် “တာဝန်ယူမှု” ဆိုသည်မှာ အမှားကို ဝန်ခံရုံသာမက ပြန်လည်ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ကြိုတင်ကာကွယ်နိုင်မှုကိုပါ အကဲဖြတ်လေ့ရှိပါတယ်။

ဒါ့အပြင် မသိတာရှိရင် တစ်ဦးတည်း ဆုံးဖြတ်မလုပ်ဘဲ အပေါ်မှာပြောခဲ့တဲ့အတိုင်း အရင်ဆုံးတိုင်ပင်ဆွေးနွေး မေးမြန်းပြီးမှလုပ်ပါ။
ဒီမှာသတိထားရမှာက အခုမှအလုပ်၀င်ခါစအသက် (၃၀) အောက်/လုပ်သက်နုသူများအနေဖြင့် “ဤအရာကို မည်သို့လုပ်ဆောင်ရမည်နည်း” ဟု ရဲရဲဝံ့ဝံ့မေးမြန်းနိုင်ပါတယ်။
လုပ်သက်ရင့်သူများအတွက်ဆိုရင်တော့ ရိုးရိုးမေးလို့မရတော့ပါဘူး။
အရင်ဆုံး ကိုယ်တိုင်ရှာဖွေဖတ်ရှုထားရပါမယ်။
အဲ့ဒီထဲကမှ ကိုယ်လုံး၀နားမလည်နိုင်တဲ့ အရာမျိုး (သို့မဟုတ်) မိမိသိထားသည်များနှင့် ကိုက်ညီမှုရှိမရှိ အတည်ပြုရန် “ဒီလိုမျိုးဟုတ်ရဲ့လား” ဟူသော ပုံစံဖြင့်စစ်ဆေးမေးမြန်းသင့်ပါတယ်။

(2.4)အသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်မှု (Teamwork & Attention)
ဂျပန်လုပ်ငန်းခွင်တွင် အသင်းအဖွဲ့နှင့်လိုက်လျောညီထွေလုပ်ဆောင်နိုင်မှု နှင့် အသေးစိတ်ဂရုစိုက်မှု တို့သည် ယုံကြည်မှုတည်ဆောက်ရန် အဓိကအချက်ဖြစ်ပါတယ်။

အသင်းအဖွဲ့နှင့်လုပ်ကိုင်ခြင်း
● တစ်ဦးတည်းစွမ်းဆောင်မှုထက် အဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ခြင်းကို အလေးထားပါ။
● အချင်းချင်းထောက်ပံ့မှု ရှိခြင်း (ဥပမာ – အလုပ်များနေသူကို ကူညီခြင်း၊ လိုအပ်သည်များကို ခိုင်းတာမစောင့်ပဲ အလိုအလျောက်လုပ်ပေးခြင်း)။

အသေးစိတ်ဂရုစိုက်ခြင်း
● တစ်ဖက်သားအတွက် ကြိုတင်စဉ်းစားခြင်း (ဥပမာ – လုပ်ငန်းဆက်စပ်သူများ၏ အခက်အခဲများကို နားလည်ပေးခြင်း)။
● အလုပ်တိုင်းတွင် အနုစိတ်အဆင့်အထိ ဂရုပြုလုပ်ဆောင်ခြင်း။

လက်တွေ့လုပ်ဆောင်နည်း
●အဖွဲ့ဝင်များနှင့် အပြန်အလှန်ဆက်ဆံခြင်း
သူများအလုပ်များနေပါက “ကူညီဖို့လိုအပ်သည်များရှိပါသလား” ဟု မေးမြန်းပါ။
လိုအပ်သည်များကို ခိုင်းစေခံရမည်ကို မစောင့်ဘဲ ကြိုတင်လုပ်ပေးပါ။

●အသေးစိတ်ကို မျက်ခြေမပြတ်ခြင်း
မိမိ၏တာဝန်သာမက အဖွဲ့တစ်ခုလုံး၏ အခြေအနေကို သတိထားပါ။
ဤအချက်များသည် ဂျပန်လုပ်ငန်းခွင်တွင် “ဤသူကို အားကိုးလို့ရသည်” ဟူသော ယုံကြည်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

(2.5)စကားပြောဆိုနည်းနှင့် ရိုးသားမှု (Communication & Honesty)
လုပ်ငန်းခွင်တွင် ပရော်ဖက်ရှင်နယ် စကားပြောဆိုနည်းဖြင့် ပြောဆိုဆက်ဆံခြင်းသည်လည်း လုပ်ငန်းခွင်အတွင်း လေးစားမှုရရှိခြင်း၊ ယုံကြည်အားကိုးခြင်းခံရခြင်းကို ဖန်တီးပေးပါတယ်။
● 申し訳ありません (Moushiwake arimasen) – တောင်းပန်ခြင်း
● ありがとうございます (Arigatou gozaimasu) – ကျေးဇူးတင်ခြင်း
● お願いします (Onegaishimasu) – မေတ္တာရပ်ခံခြင်း
● 失礼します (Shitsurei shimasu) – ခွင့်ပြုခြင်း စသော စကားအသုံးအနှုန်းများဖြင့် သူ့နေရာနှင့်သူ မှန်မှန်ကန်ကန် အသုံးပြုပေးပါ။

ထို့အပြင် တိကျမှန်ကန်သောအချက်အလက်များဖြင့် ဆက်သွယ်ပါ
● အကြောင်းအရာတိုင်းကို အထောက်အထားနှင့်တကွ ရှင်းလင်းစွာပြောဆိုပါ။
● မသေချာသောအချက်များကို “~ဟုထင်ပါသည်” ဟုဖော်ပြပါ။

ပွင့်လင်းမှုနှင့် ရိုးသားမှုရှိပါ
● အမှားဖြစ်ပါက ဖုံးကွယ်ခြင်းမပြုဘဲ ချက်ချင်းဝန်ခံပါ။
● မသိသောအရာများကို “သိရန်လိုအပ်ပါသည်” ဟု ရဲရဲဝံ့ဝံ့ပြောဆိုပါ။
ယုံကြည်မှုတည်ဆောက်ရေးအတွက်ဆိုလျှင် စကားအသုံးပြုနည်းနှင့် ရိုးသားမှုကလည်း လုပ်ငန်းခွင်အတွင်း လေးစားမှုရရှိခြင်း၊ ပရော်ဖက်ရှင်နယ်ကျသော အလုပ်သမားအဖြစ် အသိအမှတ်ပြုခြင်း တို့ကို ရရှိစေမည်ဖြစ်ပါသည်။

3. နိဂုံးချုပ်
လုပ်ငန်းခွင်တွင် ယုံကြည်မှုရရှိရန် တစ်ရက်တည်းနှင့် မဖြစ်နိုင်ပါ။
နေ့စဉ်အပြုအမူ၊ ဆက်ဆံရေးနှင့် အလေးထားမှုများ မှတစ်ဆင့် တဖြည်းဖြည်း ပုံဖော်တည်ဆောက်ရသော အရည်အသွေးဖြစ်သည်။

အားလုံးပဲ မိမိတို့လုပ်ငန်းခွင်မှာ အထက်လူကြီးများရဲ့ ယုံကြည်အားကိုးထိုက်သူများဖြစ်ကြပြီး လုပ်ငန်းခွင်အတွေ့အကြုံများ ပိုမိုအောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေ!

လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ရဲ့ ကိုယ်ပိုင် brand အတွက် Website ဖန်တီးချင်ပါက (သို့မဟုတ်) ရှိပြီးသား platform ကို upgrade မြှင့်တင်လိုပါက ဂျပန်နိုင်ငံ၏ စံချိန်စံညွှန်းများအတိုင်း အများနှင့်မတူတဲ့ Custom design ၊ Custom Development များဖြင့် မိမိတို့လုပ်ငန်း ကြီးထွားတိုးတက်လာမည့် ဒစ်ဂျစ်တယ်အရင်းအမြစ်တစ်ခု ဖန်တီးလိုပါက — Spiceworks Myanmar မှာအခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
https://www.spiceworksmyanmar.com/contact
အဆုံးထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Hello