Work Style

miChecker — Web Accessibility စစ်ဆေးရေး Tool (Developer, Tester, PM အားလုံးအတွက် လမ်းညွှန်)

ဒီနေ့တော့ miChecker ဆိုတဲ့ web accessibility စစ်ဆေးရေး tool အကြောင်း မျှဝေသွားပါမယ်။ Developer တွေ၊ tester တွေ၊ project manager တွေ အားလုံးအတွက် အသုံးဝင်မယ့် tool တစ်ခုပါ။

ညီမကတော့ Spiceworks Myanmar မှ ဆုရည်ထွန်း ပါ။

ဂျပန်နိုင်ငံမှာ website တွေဆောက်တဲ့အခါ accessibility ဆိုတဲ့ကိစ္စဟာ မဖြစ်မနေ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ JIS X 8341-3 ဆိုတဲ့ ဂျပန်အမျိုးသား standard အရ public website တွေဟာ accessibility လိုက်နာရမှာဖြစ်ပြီး၊ project တွေမှာလည်း ဒီ standard ကို ဖြည့်ဆည်းဖို့ miChecker ကို သုံးနေကြပါတယ်။

ဒီ blog မှာတော့ miChecker ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ၊ ဘယ်လို download လုပ်ပြီး run ရမလဲ၊ result တွေကို ဘယ်လိုဖတ်ရမလဲဆိုတာ ရှင်းပြသွားပါမယ်။

လက်ရှိ Web Accessibility ကဘာကြောင့်အရေးကြီးတာလဲ?

ကမ္ဘာတစ်ဝန်းမှာ လူ ၇ ယောက်မှာ ၁ ယောက်ဟာ မသန်စွမ်းမှုတစ်မျိုးမျိုးနဲ့ နေထိုင်နေရပါတယ်။ အဲ့ဒီထဲမှာ အမြင်အာရုံချို့ယွင်းမှု၊ အကြားအာရုံဆုံးရှုံးမှု၊ လှုပ်ရှားသွားလာမှုဆိုင်ရာ အခက်အခဲတွေနဲ့ သိမြင်မှုဆိုင်ရာ ကွဲပြားချက်တွေလည်း ပါဝင်ပါတယ်။

ဒီအသုံးပြုသူအားလုံးအတွက် အသုံးပြုနိုင်မှုကို ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းထုတ်ထားခြင်းမရှိတဲ့ website ဟာ အသုံးပြုရာမှာ အခက်အခဲကြုံရနိုင်ပါတယ်။

အရေးကြီးတာက Accessibility ကောင်းမွန်တဲ့ website ဆောက်ခြင်းဟာ မသန်စွမ်းသူတွေအတွက်သာမက လူတိုင်းအတွက် အကျိုးရှိစေပါတယ်။ စနစ်ကျစွာ ဖွဲ့စည်းထားတဲ့ ခေါင်းစီးတွေက စခရင်ဖတ်စက်တွေကိုရော ရှာဖွေရေးအင်ဂျင်တွေကိုပါ အကူအညီပေးပါတယ်။ မြင့်မားတဲ့ အရောင်ခြားနားမှု (high contrast) က နေရောင်ပြင်းတဲ့နေရာမှာ အသုံးပြုသူတွေကို အကူအညီဖြစ်စေပါတယ်။

ဒါကို အဆောက်အဦးဝင်ပေါက်မှာရှိတဲ့ လမ်းလျှော (ramp) နဲ့ ပုံဖော်ကြည့်ပါ။ ဘီးတပ်ကုလားထိုင်သုံးသူတွေကို အကူအညီဖြစ်သလို ကလေးလှည်းပါတဲ့ မိဘတွေ၊ လှည်းနဲ့ပစ္စည်းပို့သူတွေ၊ သက်ကြီးရွယ်အိုတွေကိုပါ အကူအညီဖြစ်စေပါတယ်။

ဂျပန်နိုင်ငံမှာ အများပြည်သူများနှင့် သက်ဆိုက်သော public website တွေဟာ JIS X 8341-3 အသုံးပြုနိုင်မှုစံနှုန်းကို ပြည့်မီဖို့ ဥပဒေအရ လိုအပ်ပါတယ်။ အစိုးရဆိုင်ရာ သို့မဟုတ် အများပြည်သူငွေကြေးဖြင့် ဆောင်ရွက်သော ဒစ်ဂျစ်တယ်ပရောဂျက်တွေအတွက် ဒါဟာ ရွေးချယ်စရာမဟုတ်ပါဘူး။

project contract ထဲမှာ ဒီ requirement ပါဝင်ပြီး၊ miChecker ဟာ ဒီ standard ကို verify ဖို့ MIC (Ministry of Internal Affairs and Communications) မှ တိကျစွာ recommend ပေးတဲ့ tool တစ်ခုဖြစ်ပါတယ်။

miChecker ဆိုတာဘာလဲ?

miChecker ဆိုတာ ဂျပန်နိုင်ငံ MIC မှ အခမဲ့ ထုတ်ပြန်ပေးထားတဲ့ desktop application တစ်ခုဖြစ်ပါတယ်။ “mi” ဆိုတဲ့ အမည်ဟာ MIC ကနေ ဆင်းသက်လာပါတယ်။

Java ကိုအသုံးပြုတဲ့ tool ဖြစ်ပြီး Windows ပေါ်မှာ run ပါတယ်။ ZIP file ကို download ပြီး extract ချ၍ .exe ကို launch လုပ်ရုံနဲ့ သုံးနိုင်ပါတယ်။ install ဖို့ ရှုပ်ထွေးသော အဆင့်တွေ မလိုပါဘူး။

ဒီ tool ဟာ web page တစ်ခုကို WCAG 2.0 (Web Content Accessibility Guidelines version 2.0) standard အပေါ်အခြေခံပြီး accessibility ပြဿနာတွေကို အလိုအလျောက် scan ပြုလုပ်ပေးပါတယ်။

ပရောဂျက်မှာ miChecker ကို အသုံးပြုရတဲ့ အကြောင်းရင်း

miChecker ကို အသုံးပြုရတဲ့ အကြောင်းရင်း (၄)ချက် ရှိပါတယ်။

  1. Compliance လိုအပ်ချက်ကြောင့်

project deliverable တွေဟာ JIS X 8341-3 Level AA ကို ဖြည့်ဆည်းရမှာဖြစ်ပြီး၊ project contract ထဲမှာ ပါဝင်ပါတယ်။ miChecker ဟာ MIC မှ recommend ပေးတဲ့ tool ဖြစ်တဲ့အတွက် ကျွန်မတို့ documentation ကို credibility ရှိစေပါတယ်။

  1. Automated Scanning ကြောင့်

Page ထဲက element တစ်ခုစီကို manually စစ်ဆေးမည့်အစား miChecker က စက္ကန့်ပိုင်းအတွင်း page တစ်ခုလုံး scan ပြီး ပြဿနာနေရာတွေကို flag ထောင်ပေးနိုင်ပါတယ်။ Testing အချိန်ကို သိသိသာသာ သက်သာစေပါတယ်။

  1. Visual Feedback ကြောင့်

miChecker ဟာ error တွေကို table ထဲမှာ list ချပြရုံသာမဟုတ်ဘဲ page rendering ပေါ်မှာ တိုက်ရိုက် highlight ပြုလုပ်ပေးပါတယ်။ Developer တွေနဲ့ tester တွေ ဘယ် element မှာ ဘာပြဿနာရှိတယ်ဆိုတာကို ချက်ချင်းမြင်နိုင်ပါတယ်။

  1. Team Consistency ကြောင့်

မတူညီတဲ့သူတွေ မတူညီတဲ့ tool တွေ သုံးပါက ရလဒ်တွေ ကွဲပြားနိုင်ပါတယ်။ miChecker တစ်ခုတည်းသုံးခြင်းဖြင့် team member အားလုံးဟာ တူညီတဲ့နည်းဖြင့် တူညီတဲ့အရာတွေကို စစ်ဆေးကြကြောင်း သေချာစေနိုင်ပါတယ်

Download နှင့် Install လုပ်နည်း

အောက်ပါ URL မှ miChecker ကို အခမဲ့ download ရယူနိုင်ပါတယ်။

https://www.soumu.go.jp/main_sosiki/joho_tsusin/b_free/michecker3.html#download

Page သည် ဂျပန်ဘာသာဖြစ်သော်လည်း download ခလုတ်ကို ダウンロード ဆိုတဲ့ ဂျပန်စကားလုံးနဲ့ ရှာရင်တွေ့နိုင်ပါတယ်။

Step 1 — Website သို့ သွားပါ

အပေါ်ပါ URL ကို browser ထဲ ကူးထည့်ပြီး MIC ရဲ့ miChecker page ကို ဖွင့်ပါ။

Step 2 — ZIP File Download လုပ်ပါ

ダウンロード ဆိုတဲ့ link ကို နှိပ်ပြီး ZIP file ကို download လုပ်ပါ။

Step 3 — ZIP ကို Extract ချပါ

Download ပြီးသော ZIP file ကို C:\tools\miChecker ကဲ့သို့ folder တစ်ခုထဲ extract ချပါ။

Step 4 — miChecker.exe ကို Launch လုပ်ပါ

Extract လုပ်ထားသော folder ကို ဖွင့်ပြီး miChecker.exe ကို double-click နှိပ်ပါ။

  သတိပြုရမည့်အချက်

miChecker ကို run ဖို့ Java Runtime Environment (JRE) လိုအပ်ပါတယ်။ Command Prompt ကို ဖွင့်ပြီး java -version ဟု type ကြည့်ပါ။ Error ရပါက adoptium.net မှ OpenJDK ကို အခမဲ့ download ပါ။

Check Run နည်းအဆင့် ဆင့်

miChecker ကို install ပြီးပြီဆိုရင် အဆင့် ဆင့်နဲ့ check ပြုလုပ်နိုင်ပါတယ်။

Step 1 — miChecker ကို ဖွင့်ပါ

miChecker.exe ကို double-click နှိပ်ပါ။ File, View, Favorites, Visualize, Window, Help ပါဝင်သော menu bar ရှိတဲ့ browser ပုံစံ window ပေါ်လာမှာဖြစ်ပါတယ်။

Step 2 — Target URL ထည့်ပါ

Address bar တွင် စစ်ဆေးလိုတဲ့ web page ရဲ့ URL ကို ထည့်ပါ။ Live URL ဖြစ်လည်းရ၊ local file path (file:///C:/test.html) ဖြစ်လည်းရပါတယ်။

Step 3 — အစိမ်းရောင် ‘Go’ ခလုတ်နှိပ်ပါ

URL bar ညာဘက်ရှိ အစိမ်းရောင် ‘Go’ ခလုတ်ကို နှိပ်ပါ။ miChecker 3 တွင် ၎င်းသည် check ခလုတ်ဖြစ်သည်။ Page သည် ဘယ်ဘက် panel တွင် load လုပ်မှာဖြစ်ပါတယ်။

Step 4 — Blind Usability View ဖွင့်ပါ

Menu bar မှ Visualize > Visualize Blind Usability ကို နှိပ်ပါ (သို့မဟုတ် Ctrl+Shift+B)။ ညာဘက် panel တွင် Blind view ပေါ်လာမည် — screen reader မှ page ကို မည်သို့ ဖတ်သည်ကို ပြမှာဖြစ်ပါတယ်။အနီရောင် box များသည် ပြဿနာများဖြစ်ပါတယ်။

Step 5 — Summary / Detailed Report ဖတ်ပါ

အောက်ဆုံး panel ရှိ Summary report tab တွင် Error, Probably Error, Need confirmation, Human check ဟူ၍ level လေးမျိုးဖြင့် ပြဿနာများကို ကြည့်ပါ။ Detailed report tab တွင် JIS number, line number နှင့် description အပြည့်အစုံ ကြည့်နိုင်ပါတယ်။

Step 6 — Report ကို Export လုပ်ပါ

File menu မှ Save သို့မဟုတ် Export ကို ရွေးပြီး HTML format ဖြင့် save ပါ။ ဒီ file ကိုပဲ project documentation နှင့် sprint review record တွင် attach ပြုလုပ်ပါ။

 

Result တွေကို ဘယ်လိုဖတ်မလဲ?

miChecker သည် Severity Level သုံးမျိုးဖြင့် ပြဿနာများကို ခွဲခြားပါတယ်။

Error (အနီရောင် ■)  ·  မဖြစ်မနေ ပြင်ဆင်ရပါမယ်။

WCAG criterion ကို fail ဖြစ်နေကြောင်း သေချာတဲ့ ပြဿနာတွေပါ။ Error တွေ ကျန်ရှိနေသမျှ project sign-off ပြုလုပ်၍ မရပါဘူး။

Probably Error (အဝါ ★)  ·  Error ကဲ့သို့ ပြင်ဆင်ရပါမယ်။

Fail ဖြစ်နိုင်ချေ အလွန်မြင့်မားသော်လည်း human confirmation အနည်းငယ်လိုအပ်သော ပြဿနာများပါ။ Error ကဲ့သို့ ပြင်ဆင်ပါ သို့မဟုတ် false positive ဟု document ချပါ။

Need confirmation (မီးခိုး ■)  ·  Review ပြုလုပ်ပြီး Document ချရပါမယ်။

Context ပေါ်မူတည်ပြီး ကွဲပြားနိုင်သောအချက်များပါ။ တစ်ခုစီကို human မှ review ပြုလုပ်ပြီး ပြင်ဆင်ရန် သို့မဟုတ် justification note ရေးသားရပါမယ်။

Human check (အပြာ ■)  ·  Manual Verify အမြဲလိုအပ်ပါတယ်။

Tool က အလိုအလျောက် လုံးဝဆုံးဖြတ်၍မရတဲ့ item တွေပါ။ Human judgment အမြဲလိုအပ်ပြီး alt text ဟာ image ကို မှန်ကန်စွာ ဖော်ပြမပြဆိုတာမျိုးကို ကိုယ်တိုင် verify ပြုလုပ်ရပါတယ်။

အဖြစ်များဆုံး ပြဿနာများ

အမျိုးအစား ပြဿနာ Severity
Images Image များတွင် alt attribute ပျောက်ဆုံးနေခြင်း Error
Color Text contrast ratio မလုံလောက်ခြင်း (4.5:1 အောက်) Error
Forms Input field များတွင် label မပါဝင်ခြင်း Error
Headings Heading level ကျော်သုံးခြင်း (h1 → h3) Warning
Links Link text မဖော်ပြသော ‘click here’ / ‘more’ ကဲ့သို့ text တွေသုံးခြင်း Warning
Language HTML element တွင် lang attribute မပါဝင်ခြင်း Warning

miChecker Visualize Menu နှင့် Color Contrast ရှင်းလင်းချက် များအားဖတ်ရှုနိုင်ရန် စာသား linkကို click နှိပ်ပါ။

သတိထားသင့်တဲ့ အချက်များ

  • – Homepage တစ်ခုတည်းမစစ်ဘဲ Page တိုင်းကို စစ်ဆေးပါ။ မတူညီတဲ့ page တွေမှာ မတူညီတဲ့ ပြဿနာတွေ ပါနိုင်ပါတယ်။
  • – Development အစအဆုံးပြီးမှ စစ်ဆေးတာမျိူးမဟုတ်ဘဲ အစောပိုင်းကတည်းက miChecker run ပါ။
  • – စစ်ဆေးသော page တိုင်းအတွက် Report ကို Export ပြီး Save ပါ။ Page နာမည်နှင့် ရက်စွဲ ထည့်ပြီး file နာမည်ဖော်ပြပါ။
  • – Warning ရရှိသောအခါ ပစ်မထားပါနှင့်အကြောင်းပြချက်ကို document ချပါ
  • – miChecker က JavaScript မှ load လုပ်တဲ့ Dynamic content ကို စစ်ဆေး၍မရပါ။ AJAX / modal တွေကို manually test ပြုလုပ်ပါ။
  • – Keyboard-only (Tab, Enter, Arrow keys ချည်း) navigation test ကိုပါ တွဲလုပ်ပါ။ Automated tool တွေ မတွေ့နိုင်တဲ့ ပြဿနာများကို ဖော်ထုတ်ပေးနိုင်ပါတယ်။

အဓိကအချက် ၃ ချက်

  1. Deadline မတိုင်မီ Warning မပြင်နိုင်ပါက ဘာလုပ်မလဲ?

Document မလုပ်ဘဲ ထားမသွားပါနှင့်။ Accessibility checklist သို့မဟုတ် test report တွင် အကြောင်းပြချက် မှတ်စုတို ရေးပါ။ Warning ဘာဆိုသည်ကို ဖော်ပြပါ၊ ဤ sprint တွင် ဘာကြောင့် မပြင်နိုင်ခဲ့တာကို ရှင်းပြပါ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ plan နှင့် အကြောင်းပြချက်ဘာဆိုတာကို ဖော်ပြပေးပါ။ မှတ်တမ်းရှိတဲ့ Warning အမျိုးအစားဆိုရင် client နဲ့ စကားပြောတဲ့အခါ အကြောင်းပြချက်ရှင်းပြရင် လက်ခံနိုင်ပါတယ်။။ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့မှတ်တမ်းမရှိတဲ့ Warning အမျိုးအစားဆိုရင် client ဘက်က လုံးဝလက်မခံဖို့ များပါတယ်။

  1. Trick ထက် Trust အရေးကြီး

miChecker ဟာ SEO trick မဟုတ်ပါဘူး။ Schema, semantic HTML, alt text တွေနဲ့ တိတိကျကျ တည်ဆောက်ထားတဲ့ website ဟာ AI နှင့် search engine နှစ်မျိုးလုံးအတွက် ပိုထိရောက်ပါတယ်

  1. Advanced SEO မဟုတ် — Minimum Requirement ပါ

ဒီ checklist ထဲပါတဲ့ အချက်တွေဟာ AI-ready website အတွက် minimum requirement တွေပါ။ Developer တိုင်းရဲ့ workflow ထဲမှာ checklist အနေနဲ့ ထည့်သင့်ပါတယ်။

miChecker Checklist

  • ☐ Page မှာ H1 တစ်ခုတည်းပဲ ရှိလား။
  • ☐ Heading levels (H1 → H2 → H3) ဆက်တိုက်သုံးထားလား။
  • ☐ div တွေချည်းမသုံးဘဲ article, section, header, main သုံးထားလား။
  • Alt text အားလုံး ပါဝင်ထားလား။
  • Color contrast — Normal text 4.5:1 ↑ ၊ Large text 3:1 ↑ ဖြစ်လား။
  • ☐ Form inputs တိုင်းမှာ label ပါဝင်ထားလား။
  • Organization Schema ထည့်ထားလား။
  • ☐ FAQ ရှိရင် FAQ Schema ထည့်ထားလား။

ဒီအချက်တွေ အကုန်ပြည့်စုံရင် သင့် website က accessibility-ready ဖြစ်ပါပြီ။

နိဂုံးချုပ်

Web accessibility ဆိုတာ legal checkbox ချည်းမဟုတ်ပါ။ မသန်မစွမ်းသူများ၊ SEO၊ AI engineတွေ အားလုံးကို တစ်ပြိုင်နက် ကူညီပေးတဲ့ good design practice တစ်ခုပါ။

miChecker ဟာ free, powerful, team-ready tool တစ်ခုဖြစ်ပြီး project ရဲ့ compliance ကို သေချာစေနိုင်ပါတယ်။ Developerတွေ၊ testerတွေ၊ PMတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ tool တစ်ခုပါ။

နောက် project မစတင်ခင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ —

“ကိုယ်ရဲ့ Team သို့မဟုတ် ကိုယ်တိုင်ဖန်တီးတည်ဆောက်လိုက်တဲ့ website ဟာ accessibility-ready ဖြစ်ပြီလား?”

မိမိ၏ project တွင် web accessibility ကို implement လုပ်ရန် support လိုအပ်ပါက Spiceworks Myanmar ၏ Web Development Team ကို Contact ပြုလုပ်ပြီး Free Consultation ရယူနိုင်ပါတယ်။

အဆုံးထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

Hello