ဒီနေ့တော့ POS System အကြောင်း မျှဝေသွားပါမယ်။ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ လက်ကားဆိုင် ပိုင်ရှင်တွေနဲ့ POS တည်ဆောက်မယ့် developer တွေ အားလုံးအတွက် အသုံးဝင်မယ့် အချက်တွေပါ။
ညီမကတော့ Spiceworks Myanmar မှ ဆုရည်ထွန်း ပါ။
POS သုံးနေပြီးသူ ရှိလား။ အခက်ဆုံးက ဘာလဲ။ အကြွေးနဲ့ ရောင်းသူ ဘယ်နှစ်ယောက် ရှိလဲ။ အခု ဘယ်လို မှတ်ထားလဲ။
ဒီရက်ပိုင်း Facebook ပေါ်မှာ POS ကြော်ငြာတွေ အများကြီး တွေ့နေရပါတယ်။ System တိုင်းက “အကောင်းဆုံး”၊ “အလွယ်ဆုံး”၊ “အသက်သာဆုံး” လို့ ပြောကြပါတယ်။ ဒါပေမယ့် ဆိုင်ရှင်တွေ လက်တွေ့သုံးကြည့်တဲ့အခါ ကြော်ငြာထဲကလို မဖြစ်တာတွေ အများကြီး ကြုံနေရပါတယ်။
ညီမတို့ Spiceworks Myanmar အနေနဲ့ Website နဲ့ ချိတ်ဆက်ထားတဲ့ Custom POS System တစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ လက်တွေ့ environment မှာလည်း တကယ်လေ့လာကြည့်ပြီး ဆိုင်ရှင်တွေဘက်က လက်ရှိတွေ့ကြုံနေရတဲ့အားနည်းချက်တွေ အပါအဝင် POS System အကြောင်း အပြည့်အစုံကို ရိုးရိုးသားသား မျှဝေချင်ပါတယ်။
ဒီ blog မှာတော့ POS ဆိုတာဘာလဲ၊ နေ့စဉ် ဘယ်လို အလုပ်လုပ်လဲ၊ အကျိုးကျေးဇူးနဲ့ အားနည်းချက်တွေက ဘာလဲ၊ Custom POS လုပ်ချင်ရင် ဆိုင်ရှင်ဘက်က ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ပြောပြသွားပါမယ်။
မာတိကာ
- ဆိုင်ရှင်တွေ လက်ရှိ ဘာပြောနေကြလဲ?
- အသံတွေနောက်က ပြဿနာ (၅) ချက်
- POS ဆိုတာဘာလဲ?
- နေ့စဉ် လုပ်ငန်းစဉ် အဆင့် (၆) ဆင့်
- ဘယ်သူ ဘာလုပ်ရမလဲ?
- POS သုံးရတဲ့ အကျိုးကျေးဇူး (၆) ချက်
- အားနည်းချက်တွေနဲ့ ဖြေရှင်းနည်း
- Stock စတင်တည်ဆောက်နည်း အဆင့် ၅ ဆင့်
- POS ကိုနားလည်ပြီး အောင်မြင်စွာ အသုံးချနိုင်စေတဲ့ ဆိုင်ရှင်၏ ကျွမ်းကျင်မှု (၅) ခု
- ကိုယ်တိုင်လုပ်မလား၊ Service အပ်မလား?
- POS မဝယ်ခင် မေးရမည့် မေးခွန်း (၈) ခု
- Custom POS လုပ်ချင်ရင် ဘာတွေ ပြင်ဆင်ရမလဲ?
- POS ကို Website နဲ့ ဘာကြောင့် ချိတ်ဆက်သင့်တာလဲ?
- မေးလေ့မေးထရှိသော မေးခွန်းများ (FAQ)
ဆိုင်ရှင်တွေ လက်ရှိ ဘာပြောနေကြလဲ?
POS အကြောင်း online မှာ ဆွေးနွေးနေကြတဲ့ ဆိုင်ရှင်တွေရဲ့ တကယ့်အသံတွေကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
ဆေးဆိုင်ပိုင်ရှင် — “POS တပ်တာက လွယ်ပါတယ်။ သက်တမ်းတခု ရှိနေတဲ့ ဆိုင်မို့လို့ Stock သွင်းတဲ့ အပိုင်းမှာတော့ သေချာ ကြပ်မက် ရမယ်။ POS ရောင်းသူတွေ ကတော့ Stock အသွင်းကို တာဝန် မယူနိုင်ကြဘူး… လက်ရှိ ပစ္စည်း၊ အဝင်၊ အထွက် မှန်မှ POS ရဲ့ အကျိုး ရမှာပါ။”
လုပ်ငန်းရှင် — “Financial Knowledge ကို ပိုင်ရှင်က နားလည်ဖို့လိုတယ်။ လုပ်ငန်းသေးသေးကနေ ကြီးချင်ရင် မဖြစ်မနေ ခေါင်းဆောင်သူကိုယ်တိုင် သဘောတရား နားလည်အောင် သင်ထားဖို့လိုတယ်။”
ဆိုင်ရှင် — “Boost ထိုးထားတဲ့ ကြော်ငြာတွေ အားကောင်းပေမယ့် တကယ်မကောင်းတဲ့ ၂ ခု သုံးမိတာ အချိန်လည်း ကုန်၊ ငွေလည်း ကုန်သွားတယ်။”
ကုန်စုံဆိုင်ပိုင်ရှင် (လက်လီ/လက်ကား) — “လူယုံရှာရတာလဲ မလွယ်သလို ကိုယ်တိုင်လုပ်ရတာလဲ ပင်ပန်းတော့ ဆိုင်ပိတ်ရမလို ဖြစ်နေပါတယ်… ကိုယ်တိုင်လုပ်တာလား၊ Service အပ်တာလား။”
အသံတွေနောက်က ပြဿနာ (၅) ချက်
ဒီအသံတွေကို စုကြည့်လိုက်ရင် ပြဿနာ (၅) ချက် တွေ့ရပါတယ်။ သတိထားကြည့်ရင် software နဲ့ တိုက်ရိုက်ဆိုင်တာ နှစ်ချက်ပဲ ရှိပါတယ်။ Stock မှန်ကန်မှု နဲ့ Vendor Gap။ ကျန်သုံးချက်က လူနဲ့ စည်းကမ်း ပြဿနာပါ။
- ယုံကြည်မှု (Trust) — ငွေနဲ့ ပစ္စည်းကို ယုံပြီး အပ်လို့ရတဲ့လူ မရှိလို့ ဆိုင်ရှင်က ဆိုင်ကနေ ထွက်လို့ မရပါဘူး။ POS ဆိုတာ လူတစ်ယောက်တည်းကို ယုံရမယ့်အစား System ကို ယုံလို့ရအောင် လုပ်ပေးတဲ့ နည်းလမ်းပါ။
- Stock မှန်ကန်မှု — သက်တမ်းကုန်ရက်၊ ပစ္စည်းအမျိုးအစား ထောင်ချီရှိတဲ့ ဘူး/ထုပ်/ခု ယူနစ်တွေကြောင့် Stock မှားသွင်းမိရင် POS က ကိန်းဂဏန်းမှားပြပြီး ဆိုင်ရှင်က မယုံတော့ပါဘူး။
- ရောင်းသူနဲ့ ကြားက ကွက်လပ် (Vendor Gap) — POS ရောင်းသူအများစုက software တပ်ပေးပြီး ထွက်သွားကြပါတယ်။ ပစ္စည်းစာရင်းနဲ့ stock ထည့်တဲ့အပိုင်းကိုတော့ ဆိုင်ရှင်ကိုယ်တိုင် လုပ်ဖို့လိုပါတယ်။ Service အနေနဲ့ ယူရင်လည်း ဈေးအရမ်းကြီးပါတယ်။
- ကြော်ငြာ ဆူညံမှု — System တိုင်းက အကောင်းဆုံးလို့ ပြောကြတော့ ဘယ်ဟာ တကယ်ကောင်းလဲ ခွဲခြားရ ခက်ပါတယ်။
- ဆိုင်ရှင်ရဲ့ စီမံခန့်ခွဲမှု အသိ — POS က data ပေးပါတယ်။ ဒါပေမယ့် data ကို ထိန်းချုပ်မှုအဖြစ် ပြောင်းဖို့ ဆိုင်ရှင်ကိုယ်တိုင် management အခြေခံ နားလည်ဖို့ လိုပါတယ်။
ဒီပြဿနာတွေ ကိုယ့်ဆိုင်မှာ ကြုံနေရင် — Spiceworks Myanmar က Free Consultation ပေးနေပါတယ်။
POS ဆိုတာဘာလဲ?
လူအများစုက POS ဆိုတာ ငွေရှင်းစက်ကို အစားထိုးပြီး ဘောက်ချာထုတ်ပေးတဲ့ ကွန်ပျူတာလို့ ထင်ကြပါတယ်။ တကယ်တော့ အဲ့ဒါက POS ကနေ အလုပ်လုပ်ပေးနိုင်တဲ့ထဲက လေးပုံတစ်ပုံပဲ ရှိပါသေးတယ်။ တကယ်ကောင်းတဲ့ POS က အောက်ပါ အလုပ် (၄) ခု ကို လုပ်ပေးပါတယ်။
| POS ၏ အလုပ် | |
|---|---|
| Sell (ရောင်းခြင်း) | Barcode scan ဖတ်ခြင်း၊ ဈေးနှုန်းမှန်မှန်နှင့် အမြဲထွက်ခြင်း၊ လျှော့ဈေးရှိလျှင် အလိုအလျောက်ပြုလုပ်ပေးခြင်းနှင့် ဘောက်ချာထုတ်ပေးခြင်း |
| Stock | ပစ္စည်း အဝင်/အထွက်၊ Batch နှင့်သက်တမ်းကုန်ခါနီး သတိပေးခြင်း |
| Customers (ဖောက်သည်) | အကြွေး မှတ်တမ်း၊ လက်ကား ဈေးနှုန်းသတ်မှတ်ခြင်း၊ ဝယ်ယူမှု မှတ်တမ်း |
| Reports | နေ့စဉ် အရောင်းနှင့်အမြတ် မှတ်တမ်း၊ အရောင်းသွက်တဲ့ပစ္စည်း/အရောင်းနှေးတဲ့ပစ္စည်း မှတ်တမ်း၊ ငွေကိုင် တစ်ယောက်ချင်းစီ ကိုင်ထားတဲ့ ငွေမှတ်တမ်း |
ရိုးရိုးလေး ပြောရရင် POS ဆိုတာ ဆိုင်ရဲ့ မှတ်ဉာဏ်ပါ။ POS မသုံးတဲ့ဆိုင်ရဲ့ အဲ့ဒီမှတ်ဉာဏ်က ဆိုင်ရှင်ရဲ့ ခေါင်းထဲ ဒါမှမဟုတ် မှတ်စုစာအုပ်ထဲမှာ ရှိနေပါတယ်။ POS က အဲ့ဒါကို တစ်နေရာတည်းမှာ စုပေးပြီး ဆိုင်ရှင်က ဆိုင်မှာ မရှိရင်တောင် ကြည့်လို့ရအောင် လုပ်ပေးတာပါ။
နေ့စဉ် လုပ်ငန်းစဉ် အဆင့် (၆) ဆင့်
POS နဲ့ ပုံမှန်တစ်ရက်တာ ဆိုင်လည်ပတ်မှု အဆင့် (၆) ဆင့်ရှိတဲ့ လုပ်ငန်းစဉ်စက်ဝိုင်း (loop) က အောက်ပါအတိုင်းရှိနိုင်ပါတယ်။
Step 1 — Stock အဝင်
ကုန်သည်ဆီက ပစ္စည်းရောက်လာရင် ပြေစာကို သွင်းပါ — အရေအတွက်၊ ဝယ်ဈေး၊ ဆေးနဲ့ စားသောက်ကုန်ဆိုရင် Batch နဲ့ သက်တမ်းကုန်ရက် (ဒါက အရေးကြီးဆုံး အဆင့်)။
Step 2 — စင်ပေါ်တင်ပြီး ဈေးသတ်မှတ်ပါ
Barcode label ကပ်ပြီး လက်လီဈေးနဲ့ လက်ကားဈေးကို system ထဲမှာ တစ်ခါတည်း သတ်မှတ်ပါ။
Step 3 — ရောင်းပါ
ငွေကိုင်က scan ဖတ်လိုက်တာနဲ့ ဒီဖောက်သည်ဟာ လက်လီလား လက်ကားလား POS က သိပြီး ဈေးမှန်ကို ထည့်ပေးပါတယ်။
Step 4 — ငွေပေးချေမှု
ငွေသား၊ Mobile Pay ဒါမှမဟုတ် အကြွေးနဲ့ ပေးလား? ဘောက်ချာ ထွက်ပြီး ပေးချေမှုပုံစံတိုင်း မှတ်တမ်းဝင်ပါတယ်။
Step 5 — Auto Update
ဘယ်သူမှ ဘာမှမလုပ်ဘဲ Stock လျော့သွားပြီး ငွေနဲ့ အကြွေးက ငွေကိုင်ရဲ့ shift အလိုက် မှတ်တမ်းဝင်ပါတယ်။ ဆိုင်ပိတ်ချိန်မှာ ငွေရေပြီး POS ပြတဲ့ပမာဏနဲ့ ကိုက်ရပါမယ်။
Step 6 — Report ကြည့်ပြီး ပြန်မှာပါ
ဆိုင်ရှင်က ဖုန်းပေါ်မှာ report ဖွင့်ကြည့်နိုင်ပါတယ်။ ကုန်ခါနီးပစ္စည်းတွေဟာ နောက်တစ်ကြိမ် order ဖြစ်လာပြီး Step 1 ကို ပြန်ရောက်ပါတယ်။
⚠ သတိထားစရာအချက် — လူက Step 1၊ 3၊ 4 ကိုပဲ မှန်မှန်လုပ်ဖို့ လိုပါတယ်။ ကျန်တာ system က လုပ်ပေးပါတယ်။ စစ်ဆေးမှုက နေ့စဉ်လုပ်ငန်းထဲမှာ ပါပြီးသားမို့ ဆိုင်ရှင်က ဆိုင်မှာ အမြဲရှိပြီး ကိစ္စတိုင်းဝင်ပါနေဖို့ မလိုပါဘူး။
ဘယ်သူ ဘာလုပ်ရမလဲ?
POS က လူတွေကို မလိုအောင် လုပ်ပေးတာ မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီကို ရှင်းလင်းတဲ့ တာဝန်ပေးပြီး အဲ့ဒီတာဝန်ကို system က စစ်ပေးတာပါ။
| တာဝန် | နေ့စဉ် | အပတ်စဉ် | လစဉ် |
|---|---|---|---|
| ငွေကိုင် | ရောင်း၊ shift ပိတ်ချိန် ငွေကို POS နဲ့ တိုက်စစ်၊ ဆိုင်ရှင်/Manager က အတည်ပြု | ပျက်စီး/ပျောက်ဆုံး ပစ္စည်း တင်ပြ | — |
| Stock တာဝန်ခံ | ပစ္စည်းလက်ခံ၊ ပြေစာတိုင်း သွင်း | ပစ္စည်းအချို့ ကျပန်းစစ် | ဆိုင်ရှင်နဲ့ အပြည့်ရေတွက်၊ သက်တမ်းစစ် |
| ဆိုင်ရှင်/Manager | ဖုန်းပေါ်က report ဖတ် | အရောင်းနှေးပစ္စည်းနဲ့ အကြွေး ပြန်ကြည့် | အမြတ်၊ Stock တန်ဖိုး၊ ဝယ်ယူမှု အစီအစဉ် |
အရေးအကြီးဆုံး အယူအဆကတော့ တာဝန်ခွဲဝေခြင်း (Separation of duties) ပါ။ ရောင်းတဲ့သူနဲ့ Stock သွင်းတဲ့သူ တစ်ယောက်တည်း မဖြစ်သင့်ပါဘူး။ ဒီပုံစံဆိုရင် ပြီးပြည့်စုံတဲ့ လူတစ်ယောက် မလိုတော့ဘူး။ ပုံမှန်လူ နှစ်ယောက်နဲ့ သူတို့ကို စစ်ပေးတဲ့ system တစ်ခု ရှိရင် လုံလောက်ပါတယ်။
POS သုံးရတဲ့ အကျိုးကျေးဇူး (၆) ချက်
- ဘယ်နေရာကနေမဆို ထိန်းချုပ်နိုင်ခြင်း — အိမ်မှာပဲဖြစ်ဖြစ်၊ တခြားမြို့မှာပဲဖြစ်ဖြစ် ဖုန်းပေါ်ကနေ အရောင်း၊ ငွေနဲ့ Stock ကို မြင်နိုင်ပါတယ်။
- တကယ့်အမြတ်ကို သိခြင်း — ဆိုင်တော်တော်များများက ဒီနေ့ ငွေဘယ်လောက်ဝင်လဲ သိပေမယ့် အမြတ်ဘယ်လောက်ရလဲ မသိကြပါဘူး။ POS က ပစ္စည်းတစ်ခုချင်းရဲ့ ဝယ်ဈေးနဲ့ ရောင်းဈေးကို တွက်ပေးပါတယ်။
- ဆုံးရှုံးမှုနဲ့ အလေအလွင့် လျော့ခြင်း — ပျောက်တဲ့ပစ္စည်းနဲ့ သက်တမ်းကုန်ခါနီး ပစ္စည်းတွေကို စောစော သိနိုင်ပါတယ်။
- ငွေရှင်းတာ မြန်ပြီး အမှားနည်းခြင်း — ဈေးနှုန်းရာချီ မှတ်စရာမလိုဘဲ scan ဖတ်ရုံပါ။ ဖောက်သည်နဲ့ စကားများတာ နည်းသွားပါတယ်။
- ပိုစမတ်ကျတဲ့ ဝယ်ယူမှု — အရောင်းသွက်တာကို ဝယ်ပြီး အရောင်းနှေးပစ္စည်းထဲမှာ ငွေတွေ ပိတ်မိနေတာ မရှိတော့ပါဘူး။
- ဆိုင်ခွဲ နံပါတ် ၂ အတွက် အသင့်ဖြစ်ခြင်း — System နဲ့ SOP (Standard Operating Procedure) တူတူကို ဆိုင်ခွဲအသစ်ဆီ ကူးယူလို့ ရပါတယ်။
တကယ့်လက်တွေ့မှာလဲ ဆိုင်ရှင်က မနက်တိုင်း မေးခွန်း (၃) ခုကို ၅ မိနစ်လောက်နဲ့ စစ်နိုင်ပါတယ်။ ငွေမှန်လား၊ ဘယ်သူ အကြွေးတင်နေလဲ၊ ဘာဝယ်ရမလဲ/ဘာရှင်းထုတ်ရမလဲ။
ဒါတွေ သိရဖို့ ဆိုင်ကောင်တာမှာ တစ်နေကုန် ရပ်နေဖို့ မလိုပါဘူး။
POS အားနည်းချက်တွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်း
POS ရောင်းသူ အများစု မပြောကြတဲ့ အပိုင်းပါ။ ဘယ်သူ့ဆီကမှ မဝယ်ခင် သိထားဖို့ လိုပါတယ်။
| အခက်အခဲ | ဆိုလိုတာ | ဖြေရှင်းနည်း |
|---|---|---|
| Setup လုပ်ရတဲ့ အလုပ် | ပစ္စည်းတိုင်းကို တစ်ကြိမ် ရေတွက်ပြီး မဖြစ်မနေ system ထဲ ထည့်သွင်းရပါမယ်။ ပစ္စည်း ၅၀၀ ဆိုရင် ၁ ပတ်ကနေ ၂ ပတ်လောက် ကြာနိုင်ပါတယ် | တစ်ပြိုင်ထဲမသွင်းဘဲ အရောင်းရဆုံး ပစ္စည်း စာရင်းတွေကနေ ဖြေးဖြေးချင်း ထည့်သွင်းတဲ့ပုံစံ အသုံးပြုပါ |
| Data စည်းကမ်း | ပြေစာတစ်စောင် ကျော်သွားရင် Stock မှားနိုင်ပါတယ်။ | စည်းမျဉ်း System ထဲစာရင်းမသွင်းရသေးခင် ဆိုင်မှာ တင်မရောင်းပါနဲ့ |
| လည်ပတ်စရိတ် | Software ကြေး၊ Tablet၊ Printer၊ Scanner | အခမဲ့ ဒါမှမဟုတ် ဈေးသက်သာတဲ့ Plan နဲ့ စပြီး လိုအပ်မှ Upgrade လုပ်ပါ။ |
| ဝန်ထမ်းသင်တန်း | လူတွေက အပြောင်းအလဲ မကြိုက်ကြဘူး၊ အထူးသဖြင့် နှစ်ပေါင်းများစွာ အဟောင်းနည်းနဲ့ လုပ်လာတဲ့ ဝန်ထမ်းတွေက အပြောင်းအလဲကို လက်မခံချင်ကြပါ။ | သင်တန်းကို တိုတိုထားပြီး ရာထူးတစ်ခုချင်းစီကို Checklist တစ်ခုစီ ပေးပါ။ |
| မီးနဲ့ အင်တာနက် | ရောင်းဖို့ အင်တာနက်လိုရင် လိုင်းပြတ်တာနဲ့ ကောင်တာရပ်သွားနိုင်ပါတယ် | Offline mode + UPS backup Offline မှာ ရောင်းထားတာ local မှာ သိမ်း၊ လိုင်းပြန်ရရင် server ကို auto Sync လုပ်တဲ့ System ကို ရွေးပြီး၊ conflict ရှိရင် လူက ဆုံးဖြတ်ပေးပါ။ |
| Vendor Lock-in | POS System တချို့က Data ပြန်ထုတ်ယူဖို့ ခက်အောင် လုပ်ထားပါတယ်။ System ပြောင်းချင်ရင် မှတ်တမ်းတွေ ဆုံးရှုံးမယ်။ | POS မဝယ်ခင် အမြဲမေးပါ Data အားလုံးကို Export ထုတ်လို့ရလား။ |
ဒီအချက်တွေဟာ POS မသုံးဖို့ အကြောင်းပြချက် မဟုတ်ပါဘူး။ POS system မစခင် စီစဉ်ဖို့ အကြောင်းပြချက်တွေပါ။
Stock စတင်တည်ဆောက်နည်း အဆင့် (၅) ဆင့်
မှတ်ထားရမည့် အချက်တစ်ခု
Software က လွယ်တဲ့အပိုင်း။ Data က ခက်တဲ့အပိုင်း။
POS System ထဲဝင်လာတဲ့ Stock မှန်မှသာ POS က အမှန်ကို ပြောပါတယ်။
Step 1 — ပစ္စည်းစာရင်းကို မှန်အောင် လုပ်ပါ
ပစ္စည်းတစ်ခုကို နာမည်တစ်ခု၊ code တစ်ခုပဲ သတ်မှတ်ပါ။ ဆိုင်တော်တော်များများမှာ ပစ္စည်းတစ်ခုတည်းကို မှတ်စုစာအုပ် သုံးအုပ်မှာ နာမည် သုံးမျိုးနဲ့ ရေးထားတတ်ပါတယ်။
Step 2 — ယူနစ်တွေ သတ်မှတ်ပါ
ကာတွန်၊ ဘူး၊ ခု အပြန်အလှန် တွက်ချက်မှုကို system က သိရပါမယ်။ လက်ကားဆိုင်တွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။
Step 3 — စတင် Stock ကို ရေတွက်ပါ
တစ်ညတည်းနဲ့ မရေဘဲ အပိုင်းလိုက် ရေပါ။ ဆေးနဲ့ စားသောက်ကုန်ဆိုရင် Batch နဲ့ သက်တမ်းကုန်ရက်ကို တစ်ခါတည်း မှတ်ပါ။
Step 4 — ရွှေစည်းမျဉ်းကို ချမှတ်ပါ
ပို့လာတဲ့ ပစ္စည်းတိုင်း စင်ပေါ်မရောက်ခင် System ထဲသွင်းရပါမယ်။ ခြွင်းချက် မရှိပါ။ SOP အဖြစ် စာနဲ့ ရေးထားပါ။
Step 5 — အပတ်တိုင်း စစ်ပါ (အထက်ပါ “ဘယ်သူ ဘာလုပ်ရမလဲ” ဇယားထဲက Stock တာဝန်ခံ တာဝန်နဲ့ တွဲဖတ်ပါ)
ပစ္စည်းအချို့ကို ကျပန်းရွေးပြီး system နဲ့ စင်ပေါ်ကပစ္စည်း တိုက်စစ်ပါ။ ကွာရင် အဲ့ဒီနေ့မှာပဲ ပြင်ပါ။
POS ကိုနားလည်ပြီး အောင်မြင်စွာ အသုံးချနိုင်စေတဲ့ ဆိုင်ရှင်၏ ကျွမ်းကျင်မှု (၅) ခု
- Financial Knowledge — အမြတ်၊ ကုန်ကျစရိတ်၊ Cash flow ကို နားလည်ရပါမယ်။
- Operations နဲ့ SOP — ဘယ်သူမဆို လိုက်လုပ်နိုင်တဲ့ စာနဲ့ရေးထားတဲ့ လုပ်ငန်းစဉ်များ။
- Internal Control — တာဝန်ခွဲဝေမှု၊ နေ့စဉ် ငွေစစ်မှု။
- Performance Management — ဝန်ထမ်းတွေအတွက် ပန်းတိုင်နဲ့ ပြန်လည်သုံးသပ်မှု။
- Risk Management — ခိုးယူမှု၊ သက်တမ်းကုန်ပစ္စည်း၊ မီးပြတ်တာတွေကို ကြိုတင်စီစဉ်ခြင်း။
ဒီလှေကားကို တက်နိုင်ရင် ဆိုင်တစ်ဆိုင်ကနေ နှစ်ဆိုင်၊ နှစ်ဆိုင်ကနေ ဆိုင်ပေါင်းများစွာ ခွဲတာ အေးဆေး ဖြစ်သွားပါပြီ။ POS က ဒီအဆင့်တိုင်းကို ထောက်ပံ့ပေးတဲ့ ကိရိယာပါ — လှေကားကိုတော့ ဆိုင်ရှင်ကိုယ်တိုင် တက်ရမှာပါ။
ဒါဆိုရင် ကိုယ်တိုင်လုပ်မလား၊ Service အပ်မလား?
ရိုးရိုးသားသား ဖြေကြည့်ရအောင်။ ရွေးချယ်စရာ ၃ ခု ရှိပါတယ်။
| နှိုင်းယှဉ်ချက် | ကိုယ်တိုင်လုပ် | Service အပြည့်အပ် | Guided Setup (အတူလုပ်) |
|---|---|---|---|
| အစပိုင်း ကုန်ကျစရိတ် | အနည်းဆုံး | အများဆုံး | အလယ်အလတ် |
| ဆိုင်ရှင်ရဲ့ အချိန် | ညနေ၊ ပိတ်ရက် အများကြီး | အနည်းငယ် | သင့်တင့်ရုံ (လမ်းညွှန်သူနဲ့) |
| Stock data အရည်အသွေး | ကိုယ့်စည်းကမ်းပေါ် မူတည် | အစမှာကောင်း၊ နောက်ပိုင်း လွဲနိုင် | ကောင်းပြီး ဝန်ထမ်းတွေ နားလည် |
| အသိပညာ ကျန်ရစ်ရာ | ကိုယ့်ဆီ | Vendor ဆီ | ကိုယ်နဲ့ ဝန်ထမ်းတွေဆီ |
| သင့်တော်သူ | ပစ္စည်းနည်းတဲ့ ဆိုင်သေး | ဘတ်ဂျက်များ၊ ပစ္စည်းများ | ကြီးထွားနေတဲ့ ဆိုင်အများစု |
ကိုယ်တိုင်လုပ်ခြင်း။
ကုန်ကျစရိတ် အနည်းဆုံးပါ။ အခမဲ့ ဒါမှမဟုတ် ဈေးပေါတဲ့ Software ယူပြီး ကိုယ်တိုင်ပြင်ဆင်တယ်။ ဒါပေမယ့် ညတွေ၊ စနေ၊ တနင်္ဂနွေတွေ ကိုယ့်အချိန် အများကြီးယူတယ်။ Stock အရည်အသွေးက ကိုယ့်စည်းကမ်းပေါ်မှာ လုံးဝမူတည်တယ်။ ပစ္စည်းအမျိုးအစား သိပ်မများတဲ့ ဆိုင်သေးတွေနဲ့ ဒီလိုအလုပ်ကို ကြိုက်တဲ့ ပိုင်ရှင်တွေအတွက် အဆင်ပြေပါတယ်။
Service အပြည့်အပ်ခြင်း။
ကုမ္ပဏီတစ်ခုကို ပိုက်ဆံပေးပြီး အားလုံးလုပ်ခိုင်းတယ်။ ကိုယ့်အချိန် အနည်းငယ်ပဲ ကုန်တယ်။ ဒါပေမယ့် ဈေးအကြီးဆုံးပါ။ ဆေးဆိုင်ပိုင်ရှင် ပြောသလို အရမ်းဈေးကြီးတယ်။ ပြီးတော့ ဖုံးကွယ်နေတဲ့ ပြဿနာ၊ အသိပညာက Vendor ဆီမှာပဲ ကျန်နေတယ်။ သူတို့ ထွက်သွားတဲ့အခါ ဘာကြောင့် ဒီလို Setup လုပ်ထားလဲ ဝန်ထမ်းတွေ တကယ်နားမလည်ကြဘဲ Data က တဖြည်းဖြည်း လွဲလာတယ်။
တတိယ ရွေးချယ်စရာ — Guided Setup (လမ်းညွှန်ပေးပြီး အတူလုပ်ခြင်း)။
ဒါက အလယ်လမ်းပါ။ အတွေ့အကြုံရှိတဲ့ POS Trainer က ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေနဲ့ အတူတူလုပ်တယ်။ ပစ္စည်းစာရင်း ဒီဇိုင်းဆွဲ၊ ယူနစ်သတ်မှတ်၊ ပထမ Stock ရေတွက်မှုကို လမ်းညွှန်၊ SOP ရေး။ ဒါပေမယ့် အလုပ်ကို ကိုယ့်အဖွဲ့ကပဲ သူတို့နဲ့အတူ လုပ်တယ်။ ကုန်ကျစရိတ် အလယ်အလတ်၊ ကိုယ့်အချိန် သင့်တင့်ရုံ၊ Data အရည်အသွေး ကောင်းပြီး အသိပညာက ကိုယ့်ဆိုင်ထဲမှာ ကျန်ခဲ့တယ်။
ကြီးထွားနေတဲ့ ဆိုင်အများစုအတွက် အထူးသဖြင့် လက်လီကနေ လက်ကားဘက် ပြောင်းနေတဲ့ ဆိုင်တွေအတွက် Guided Setup က အရေရှည် အခိုင်မာဆုံး ရွေးချယ်မှုလို့ ထင်ပါတယ်။
POS မဝယ်ခင် မေးရမည့် မေးခွန်း (၈) ခု
- 1. ပစ္စည်းတစ်ခုတည်းအတွက် လက်လီဈေးနဲ့ လက်ကားဈေး ခွဲသတ်မှတ်လို့ရလား။
- 2. ဖောက်သည် Customer အကြွေး ကို ခြေရာခံလို့ရလား။
- 3. Batch နဲ့ သက်တမ်းကုန်ရက် ခြေရာခံလို့ရလား။
- 4. ကာတွန်/ဘူး/ခု ယူနစ်တွေနဲ့ အပြန်အလှန် တွက်လို့ရလား။
- 5. အင်တာနက်ပြတ်ရင်လည်း Offline ဆက်ရောင်းလို့ရလား။
- 6. မြန်မာစာ ရပြီး ကျပ်ငွေ နဲ့ ဘောက်ချာ ထုတ်လို့ရလား။
- 7. Mobile Payment တွေကို မှတ်တမ်းတင်လို့ရလား။
- 8. ကိုယ့် Data အားလုံးကို အချိန်မရွေး Export ထုတ်လို့ရလား။
ဘယ် system ကိုပဲ ရွေးရွေး Free Trial နဲ့ ကိုယ့်ဆိုင်က တကယ့်ပစ္စည်း နှစ်ဆယ် သုံးဆယ်လောက် ထည့်ပြီး တစ်ရက်လုံး စမ်းကြည့်ပြီးမှ ပိုက်ဆံပေးပါ။
ဒီမေးခွန်း ၈ ခုကို ဖြေကြည့်ပြီး ဘယ် POS မှ မကိုက်ရင် — Spiceworks Myanmar ကို ဆက်သွယ်ပြီး Custom POS အကြောင်း တိုင်ပင်နိုင်ပါတယ်။
Custom POS လုပ်ချင်ရင် ဘာတွေ ပြင်ဆင်ရမလဲ?
အဆင်သင့် POS ဝယ်မယ့်အစား ကိုယ့်ဆိုင်အတွက် သီးသန့် ရေးခိုင်းချင်သူတွေလည်း ရှိပါတယ်။ Custom POS က ကိုယ့် workflow နဲ့ အတိအကျ ကိုက်နိုင်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင်ဘက်ရော developer ဘက်ရော သေချာ ပြင်ဆင်မှသာ ဆိုင်ရှင်အတွက် အကျိုးရှိပြီး Developer အတွက်လည်း အောင်မြင်တဲ့ POS system ကိုရရှိမှာပါ။
POS တိုင်းမှာ ရှိရမည့် အခြေခံ (၈) ခု
| Module | ပါဝင်ရမည့်အရာ |
|---|---|
| Product Master | ပစ္စည်း၊ Barcode၊ အမျိုးအစား၊ ယူနစ် |
| Stock In | Purchase order၊ ကုန်သည်ပြေစာ၊ ဝယ်ဈေး |
| Sales | ငွေရှင်း၊ လျှော့ဈေး၊ ပစ္စည်းပြန်လဲ၊ ဘောက်ချာ |
| Payments | ငွေသား၊ Mobile Pay၊ အကြွေး၊ Shift ပိတ်ခြင်း |
| Inventory | Stock ပြင်ဆင်ချက်၊ ရေတွက်မှု၊ သက်တမ်း၊ လွှဲပြောင်းမှု |
| Contacts | ဖောက်သည်၊ ကုန်သည်၊ ဈေးနှုန်းအဆင့်၊ အကြွေး |
| Users & Control | Role၊ Permission၊ Audit log |
| Reports & Backup | နေ့စဉ် report၊ Data export၊ Backup |
⚠ သတိထားစရာအချက် — ဒီအခြေခံတွေရဲ့ အပေါ်မှာ Customize လုပ်ပါ၊ ဒီအခြေခံတွေ အစား မလုပ်ပါနဲ့။ Custom project အများစု ပျက်တာက ပိုင်ရှင်တောင်းတဲ့ အထူး Feature တွေကို လုပ်ပေးပြီး Stock In ဒါမှမဟုတ် Shift ပိတ်ခြင်း လို အခြေခံတွေ အားနည်းနေလို့ပါ။
ဆိုင်ရှင်ဘက်က ပြင်ဆင်ရမည့်အရာ (၈) ချက်
တချို့က တွေးနေကြမှာပါ။ အဆင်သင့် POS ဝယ်မယ့်အစား ကိုယ့်ဆိုင်အတွက် သီးသန့် ရေးခိုင်းရင် ကောင်းမလား။
Custom POS system ပြုလုပ်ခြင်းဟာ တကယ်အသုံးပြုမည့် ဆိုင်ရှင်ကသာ အဓိကပါ။ ဆိုင်ရှင်ဘက်က ကိုယ့်ကြုံတွေ့ရတဲ့ အခြေအနေအလုံးစုံ ချပြရှင်းပြပေးမှ Developer က ဆိုင်ရှင် ရှင်းပြနိုင်တာကိုပဲ တည်ဆောက်ပေးနိုင်ပါတယ်။
- ပန်းတိုင်နဲ့ အဓိကပြဿနာ — “အကုန်လိုချင်တယ်” မဟုတ်ဘဲ POS က ဘာကို အရင်ဖြေရှင်းရမလဲ။
ကုန်စုံဆိုင်ပိုင်ရှင်အတွက်ဆိုရင် လက်ကားဈေး၊ ဖောက်သည်အကြွေး၊ ငွေထိန်းချုပ်မှု ဖြစ်နိုင်ပါတယ်။ - လက်ရှိ လုပ်ငန်းစဉ် — ပစ္စည်းဝင်ပုံ၊ ရောင်းပုံ၊ အကြွေးပေးပုံ၊ ဆိုင်ပိတ်ပုံ။ လက်ရှိ မှတ်စုစာအုပ်တွေ၊ ဘောက်ချာတွေကို ဓာတ်ပုံရိုက်ထားရင်တောင် Developer အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။
- ပစ္စည်းစာရင်း — နာမည်၊ Barcode၊ ယူနစ်၊ ဝယ်ဈေး၊ ဈေးနှုန်းအဆင့်တွေကို Excel နဲ့ ပြင်ဆင်ပါ။ ဒါက အကြီးဆုံးအလုပ်မို့ စောစောစပါ။
- Current Stock — အခုလက်ရှိ Stock ဘယ်လောက်ရှိလဲ၊ ဖောက်သည်တစ်ယောက်ချင်း ဘယ်လောက်အကြွေးတင်နေလဲ၊ ကုန်သည်စာရင်း။
- လုပ်ငန်းစည်းမျဉ်းများ — ဘယ်သူ လျှော့ဈေးပေးခွင့်ရှိလဲ၊ ဘယ်လောက်ထိလဲ။ ဖောက်သည်တစ်ယောက်ချင်း အကြွေးကန့်သတ်ချက် ဘယ်လောက်လဲ။ ဘယ်သူ အရောင်းကို ဖျက်ခွင့်ရှိလဲ။ ဒီစည်းမျဉ်းတွေက System Setting တွေ ဖြစ်လာမှာပါ။
- လိုချင်တဲ့ Report များ — အခု စာရွက်ပေါ်မှာ စစ်နေကျ ကိန်းဂဏန်းတွေကို Developer ကို ပြပါ။ အဲဒါတွေက ပထမဆုံး Report တွေ ဖြစ်လာပါမယ်။
- လူနဲ့ Hardware —ဝန်ထမ်းဘယ်သူတွေရှိလဲ၊ တစ်ယောက်ချင်း ဘာလုပ်လဲ။ ဘယ် Device တွေရှိလဲ၊ Printer ရှိလား၊ အင်တာနက်နဲ့ မီး အခြေအနေ။
- အချိန်၊ ဘတ်ဂျက်နဲ့ ဆုံးဖြတ်သူ တစ်ယောက် — အစည်းအဝေးနဲ့ စမ်းသပ်ဖို့ အချိန်ဖယ်ထားပါ၊ ဘတ်ဂျက်ကို သိထားပါ၊ Developer ရဲ့ မေးခွန်းတွေ ဖြေပြီး ဆုံးဖြတ်ချက်တွေ အတည်ပြုမယ့်သူ တစ်ယောက်ကို သတ်မှတ်ပါ။ မိသားစုဝင် ငါးယောက်က အဖြေငါးမျိုး ပေးရင် Project ရပ်သွားတတ်ပါတယ်။
POS ကို Website နဲ့ ဘာကြောင့် ချိတ်ဆက်သင့်တာလဲ?
ဒီနေ့ ဆိုင်တော်တော်များများဟာ ကမ္ဘာနှစ်ခု ခွဲပြီး လည်ပတ်နေကြပါတယ်။ တစ်ဖက်မှာ ကောင်တာ နောက်တစ်ဖက်မှာ Facebook ဒါမှမဟုတ် website။
ဖောက်သည်က “ဒါရှိလား”၊ “ဘယ်လောက်လဲ” မေးရင် ဝန်ထမ်းက စင်ပေါ်သွားကြည့်ပြီး လက်နဲ့ ပြန်ဖြေရပါတယ်။ နေရာနှစ်ခု၊ ကိန်းဂဏန်းနှစ်မျိုး ဖြစ်နေပြီး ဘယ်တော့မှ မကိုက်ပါဘူး။
Website နဲ့ချိတ်ဆက်အသုံးပြုလိုက်မယ်ဆိုရင်တော့ Shop ကောင်တာရော website ရော Stock တစ်ခုတည်း ကို မျှဝေသုံးပါတယ်။
- နှစ်ခါ မသွင်းရတော့ခြင်း — Online order ဝင်လာရင် ကောင်တာမှာ ရောင်းသလိုပဲ Stock တစ်ခုတည်းကို လျော့စေပါတယ်။ ကုန်သွားပြီးသား ပစ္စည်းကို online မှာ ရောင်းမိမှာ မဟုတ်ပါဘူး။
- လက်ကားဖောက်သည်တွေ ၂၄ နာရီ ပြန်မှာနိုင်ခြင်း — ပုံမှန်ဝယ်သူတွေက ဖုန်းဆက်စရာမလိုဘဲ သူတို့ဈေးနှုန်းအဆင့်နဲ့ online ကနေ အချိန်မရွေး မှာနိုင်ပါတယ်။
- အမြဲမှန်နေတဲ့ ပစ္စည်းစာရင်း (Catalog) — ဖောက်သည်တွေက တကယ့်ဈေးနှုန်းနဲ့ တကယ်ရှိတဲ့ ပစ္စည်းကို မြင်ရပြီး ဝန်ထမ်းတွေ မေးခွန်းတစ်ခုတည်းကို ထပ်ခါထပ်ခါ ဖြေနေရတာ သက်သာပါတယ်။
ဒါကြောင့် website ဟာ ကြော်ငြာသက်သက် မဟုတ်ပါဘူး။ Stock အမှန်တစ်ခုတည်းနဲ့ ချိတ်ထားတဲ့ ဆိုင်ရဲ့ နောက်ထပ် ကောင်တာတစ်ခု ဖြစ်ပါတယ်။
သတိထားသင့်တဲ့ အချက်များ
- ကြော်ငြာကြည့်ပြီး ဆုံးဖြတ်မယ့်အစား Free Trial နဲ့ အမြဲစမ်းပါ။
- POS စတင်တဲ့အခါ ပစ္စည်းအားလုံး တစ်ပြိုင်နက် မသွင်းဘဲ အရောင်းသွက်ပစ္စည်းကနေ စပါ။
- ရောင်းတဲ့သူနဲ့ Stock သွင်းတဲ့သူ ကို ခွဲထားပါ။
- Offline နဲ့ ရောင်းလို့ရမရ မဝယ်ခင် စစ်ပါ။
- Data Export ရမရ စစ်ပြီး Backup ကို ပုံမှန်လုပ်ပါ။
- Report ကို ဆိုင်ရှင်က နေ့တိုင်း ကြည့်ပါ။ ဆိုင်ရှင် ကြည့်တာရပ်လိုက်ရင် ဝန်ထမ်းတွေလည်း ဂရုမစိုက်တော့ပါဘူး။
မေးလေ့မေးထရှိသော မေးခွန်းများ (FAQ)
POS က ဘယ်လောက် ကုန်ကျလဲ?
Free POS (Loyverse စတဲ့) ကနေ လစဉ် ကျပ် သောင်းဂဏန်း၊ Custom POS ဆိုရင် သိန်းဂဏန်းအထိ ရှိနိုင်ပါတယ်။ ကိုယ့်ဆိုင်ရဲ့ ပစ္စည်းအရေအတွက်၊ လူအရေအတွက်နဲ့ လိုအပ်ချက်ပေါ် မူတည်ပါတယ်။
POS မရှိဘဲ ဆိုင်ကို ဘယ်လို စီမံနိုင်လဲ?
မှတ်စုစာအုပ် + Excel နဲ့ စီမံလို့ ရပါတယ်။ ဒါပေမယ့် ဆိုင်ခွဲ နှစ်ဆိုင်၊ သုံးဆိုင် ရောက်လာရင် မှတ်စုစာအုပ်နဲ့ မလုံလောက်တော့ပါဘူး။
POS နဲ့ Website ချိတ်ဖို့ ဘယ်လောက် ကြာလဲ?
အခြေခံ integration အတွက် ၂ ပတ်ကနေ ၄ ပတ်လောက် ကြာနိုင်ပါတယ်။ ကိုယ့် workflow ရှုပ်ထွေးရင် ပိုကြာနိုင်ပါတယ်။
Offline POS ဆိုတာ ဘာလဲ?
အင်တာနက်မရှိလည်း ရောင်းလို့ရတဲ့ POS ပါ။ ရောင်းထားတဲ့ data ကို local မှာ သိမ်းထားပြီး အင်တာနက် ပြန်ရရင် server ကို auto sync လုပ်ပါတယ်။
Data ကို export လုပ်လို့ မရရင် ဘာလုပ်ရမလဲ?
အဲ့ဒါ Vendor Lock-in ပါ။ မဝယ်ခင် contract ထဲမှာ data export အကြောင်း ရေးထည့်ထားဖို့ လိုပါတယ်။ မရရင် အဲ့ဒီ vendor ကို မရွေးပါနဲ့။
POS သုံးဖို့ ဝန်ထမ်းတွေ သင်တန်း ဘယ်လောက် ကြာလဲ?
အခြေခံ operation အတွက် တစ်ရက်ကနေ နှစ်ရက်လောက် လုံလောက်ပါတယ်။ SOP နဲ့ checklist ရှိရင် ပိုမြန်ပါတယ်။
အဓိကအချက် ၃ ချက်
- POS က ယုံကြည်မှုပြဿနာကို ဖြေရှင်းပေးပါတယ်
ဒါပေမယ့် ဝင်လာတဲ့ Stock data မှန်မှသာပါ။ လက်ရှိပစ္စည်း၊ အဝင်၊ အထွက် မှန်မှ POS ရဲ့ အကျိုးကို ရမှာပါ။ - Software ထက် Setup နဲ့ စီမံခန့်ခွဲမှု ပိုအရေးကြီး
အောင်မြင်မှုဟာ software ထက် Setup၊ နေ့စဉ် SOP နဲ့ ဆိုင်ရှင်ရဲ့ management အသိ ပေါ်မှာ ပိုမူတည်ပါတယ်။ Custom POS ဆိုရင် ဆိုင်ရှင်နဲ့ developer နှစ်ဖက်စလုံး ပြင်ဆင်ရပါမယ်။ - ကြော်ငြာထက် Checklist ကို ယုံပါ
မေးခွန်း (၈) ခု checklist ကို သုံးပြီး ပိုက်ဆံမပေးခင် Free Trial နဲ့ အမြဲစမ်းပါ။
နိဂုံးချုပ်
POS ဆိုတာ ငွေရှင်းစက် သက်သက် မဟုတ်ပါ။ ဆိုင်ရှင်က ဆိုင်မှာ အမြဲထိုင်နေစရာမလိုဘဲ “သတင်းအချက်အလက်တွေနဲ့ ဆိုင်ကို စီမံနိုင်အောင် ကူညီပေးတဲ့ system” တစ်ခုပါ။
Software က လွယ်တဲ့အပိုင်းဖြစ်ပြီး data မှန်အောင် လုပ်ခြင်း က ခက်တဲ့အပိုင်းပါ။ ဒီအပိုင်းကို သေချာ ပြင်ဆင်နိုင်ရင် ဆိုင်တစ်ဆိုင်ကနေ ဆိုင်ပေါင်းများစွာ ချဲ့ထွင်ဖို့ အခိုင်အမာ အုတ်မြစ် ဖြစ်လာပါလိမ့်မယ်။
POS မသုံးခင် ကိုယ့်ကိုယ်ကို မေးကြည့်ပါ —
“ကိုယ့်ဆိုင်ရဲ့ လက်ရှိပစ္စည်း၊ အဝင်၊ အထွက် ဟာ မှန်ကန်ဖို့ အသင့်ဖြစ်ပြီလား?”
ကိုယ့်ဆိုင်အတွက် Website နဲ့ ချိတ်ဆက်ထားတဲ့ POS System နဲ့ ပတ်သက်ပြီး တိုင်ပင်ချင်ရင် Spiceworks Myanmar ၏ Web Development Team ကို Contact ပြုလုပ်ပြီး Free Consultation ရယူနိုင်ပါတယ်။
အဆုံးထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
