Life Style

Are we all becoming Cyborgs?

အားလုံးပဲမင်္ဂလာပါဗျ။ ကျွန်တော်ကတော့ စာဖတ်သူတို့ အတွက် Spiceworks Myanmar Blogs တွေကတစ်ဆင့် အလှည့်ကျတိုင်း life tips တွေကို တင်ဆက်ရေးသားပေးနေကျဖြစ်တဲ့ ဘုန်းသန့်ကျော်ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ life tips တွေမဟုတ်ပဲ အားလုံးမတွေးမိ၊ မတွေးဖြစ်ကြတဲ့ fictional ဆန်ဆန် realism တစ်ခုအကြောင်းကို “Are we all becoming Cyborgs?” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တင်ဆက်ပေးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့အားလုံး တကယ်ပဲ Cyborg လို့ခေါ်တဲ့ စက်ရုပ်တစ်ပိုင်းလူတစ်ပိုင်းတွေ ဖြစ်နေကြပြီလား? ဘယ်လောက်အတိုင်းအတာလောက်ထိ ဒီခေတ်မှီ technology တွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်ရော၊ ခန္ဓာကိုယ်ရောကို ချိတ်ဆက်ထားကြရပြီလဲ?

Cyborg လို့ပြောလိုက်ရင် လူတော်တော်များများက Terminator ဇာတ်လမ်းတွေထဲက စက်ရုပ်တစ်ခြမ်းမျက်နှာနဲ့ မင်းသားကြီး Arnold တို့၊ DC Universe ထဲက Cyborg (Victor Stone) တို့လို character တွေပဲ ပြေးမြင်ကြပါတယ်။ တကယ့် reality မှာကျတော့ Cyborg တစ်ခုဖြစ်ဖို့က အဲ့လောက်ထိ super power တွေရှိမှတော့ မဟုတ်ဘူးဗျ။  ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးက Cyborg တွေဖြစ်နေကြပြီးသားမို့လို့ပါ။

Cyborg ဆိုတဲ့ စကားလုံးက Cybernetic Organism ရဲ့ အတိုကောက်ကိုယူထားတာဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ပြန်ကြည့်မယ်ဆိုရင်တော့ tech နဲ့ဆိုင်တဲ့ mechanical elements တွေကိုသုံးပြီး ချို့ယွင်းပျက်စီးနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို support လုပ်တာ ဒါမှမဟုတ် ကောင်းနေပြီးသား အစိတ်အပိုင်းတွေကို ပိုမိုအဆင့်မြင့်ကောင်းမွန်အောင် လုပ်တာမျိုးကိုဆိုလိုပါတယ်။ ကျွန်တော်တို့ Cyborg အကြောင်းကိုပြောတဲ့အခါမှာ သူ့ရဲ့  alternative version တစ်မျိုးဖြစ်တဲ့ “The Lobster” အကြောင်းကို ထည့်မပြောလို့မရပါဘူး။ The Lobster ဆိုတာက Cyborg နည်းပညာကိုပဲသုံးထားတာဖြစ်တယ်။ ဒါပေမယ့် ဒီမှာတစ်ခုရှိတာက သူ့ရဲ့  Cyborg အစိတ်အပိုင်းတွေကို ချွတ်လို့၊ တပ်လို့ လုပ်လို့ရတယ်ပေါ့နော်။ အကောင်းဆုံး ဥပမာအနေနဲ့ပေးရမယ်ဆိုရင် ကျွန်တော်တို့  Marvel Universe ထဲက Iron Man လိုပေါ့။ သူကိုယ်တိုင်က စက်ရုပ်အစိတ်အပိုင်းတွေနဲ့မဟုတ်ပဲ စက်ပစ္စည်းအစိတ်အပိုင်းတွေရဲ့ အထဲမှာ ရှိနေတာမျိုးဗျ။ အဲ့တော့ ကျွန်တော်တို့သာ Cyborg တွေ ဖြစ်နေကြပြီဆိုတာကို ဘာတွေနဲ့ ထပ်ပြီး သက်သေပြဖို့ လိုဦးမလဲ။

တချို့ နှလုံးရောဂါဝေဒနာရှင်တွေဟာ သူတို့ရဲ့ နှလုံးပုံမှန်လည်ပတ်စေဖို့အတွက် ခန္ဓာကိုယ်မှာ Pacemaker လေးတွေ တပ်ကြပါတယ်။ အဲ့ဒီ pacemaker လေးတွေက ပုံမှန်ထုတ်ပေးတဲ့ electric current လေးတွေနဲ့ အသက်ရှင်နေရတဲ့ သူတွေလဲ ရှိပါတယ်။ နောက်ပြီး အထူးသဖြင့် လူကြီးပိုင်းတွေတပ်တဲ့ နားကြားကိရိယာလေးတွေ၊ ကျွန်တော်တို့လူငယ်ပိုင်းတွေ အတပ်များတဲ့ contact lens တွေဟာ ကျွန်တော်တို့ တစ်နည်းတစ်ဖုံ Lobster Cyborg တွေ ဖြစ်နေကြပြီဆိုတာကို အကောင်းဆုံး သာဓကတွေ ပေးနေတာပဲ ဖြစ်ပါတယ်။ ဆိုတော့ ခုနကပြောခဲ့တဲ့ pacemaker တို့၊ hearing aids တို့၊ contact lens စတဲ့ gadgets တွေကို သုံးဖို့ မလိုအပ်တဲ့သူတွေကတော့ Cyborg ဖြစ်ဖို့ chance မရှိတော့ဘူးလားပေါ့။

ကျွန်တော် ဥပမာတစ်ခုပေးကြည့်မယ်။ စာဖတ်သူတို့ အခုလောလောဆယ် ဒီ blog ကို ဖတ်နေကြတာဟာ ဖုန်းထဲကလည်း ဖြစ်ရင်ဖြစ်မယ်၊ laptop တစ်ခုခုကနေလည်း ဖြစ်ရင်ဖြစ်မယ် စသည်ဖြင့် electronic devices တစ်ခုခုကနေကတဆင့်က ဖတ်မှကို ရတော့မှာဗျာ။ ဘာလို့လဲဆိုတော့ အခုခေတ်မှာက တချို့ content တွေကို အရင်ခေတ်ကလို စာအုပ်တွေနဲ့ ထုတ်ကြတာမဟုတ်တော့လို့ပဲဗျ။ အားလုံးက ဒီ digital နည်းပညာ၊ internet က တစ်ဆင့်ပဲသွားနေကြပြီပေါ့နော်။ ပြီးတော့နောက်တစ်ချက် ကျွန်တော်တို့အားလုံး လက်ရှိနေ့တိုင်းလိုလို မြို့တိုင်း၊ ရပ်ကွက်တိုင်းလိုလို မီးပျက်ကြတယ်မဟုတ်လား။ အဲ့တော့ ကျွန်တော်တို့ မီးပျက်သွားရင်ဘာလုပ်ကြလဲ။ လူကြီးပိုင်းတွေတော့မသိဘူးဗျ။ ကျွန်တော်တို့လို လူငယ်တွေ တော်တော်များများကတော့ နေရထိုင်ရတာ တော်တော်ကြီး သိသိသာသာ ခက်လာပါတယ်။ အဲ့တာဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဒီ electronic devices တွေ၊ WiFi internet တွေမရှိရင် မနေနိုင်လို့ပါပဲ။ သူများနိုင်ငံတွေမှာဆို Alexa, Google Assistant စတဲ့ voice service devices တွေကို သုံးနေကြပြီ။ သူတို့ဆီမှာသာ မီးခဏပျက်တာ ဒါမှမဟုတ် internet ပျက်တာတစ်ခုခုဖြစ်ကြည့်ပါလား။ တစ်နိုင်ငံလုံးလိုလိုကို ဒုက္ခရောက်ကုန်ကြမှာဗျ။ အဲ့အချက်တွေက ကျွန်တော်တို့တင်မကပဲ ကျွန်တော်တို့ society ကြီးကပါ Cyborg ဆန်ဆန် society ကြီးဖြစ်နေကြတာကို ကောင်းကောင်းပြသနေတာဖြစ်တယ်။

ကျွန်တော်တို့က ကိုယ်သတိမထားမိပဲ Cyborg တစ်စိတ်တစ်ဒေသဖြစ်နေကြပြီဆိုပေမယ့် သူများနိုင်ငံတွေမှာတော့ ဒီ cyborg နည်းပညာကို surgery တွေလုပ်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်အသုံးပြုလာကြတဲ့သူတွေလည်း ရှိလာကြပြီဗျ။ သူတို့ဆီမှာတော့ ဒါကို “Transhumanist Movement” လို့ နာမည်ပေးထားတယ်။ ဒီ Transhumanist Movement မှာ ပါဝင်ခဲ့တဲ့ popular အဖြစ်ဆုံးသူကတော့ United Kingdom က Neil Harbisson ဖြစ်ပါတယ်။ သူက မွေးကထဲက colorblind ဖြစ်တဲ့ syndrome နဲ့ မွေးလာရတဲ့သူပါ။ အခု သူဟာ သူ့ရဲ့ဦးခေါင်းခွံပေါ်မှ တပ်လိုက်တဲ့ antenna လေးကြောင့်မို့ အရောင်တွေ တော်တော်များများကို ထိတွေ့ခွင့်ရနေပါပြီ။ ဒါပေမယ့် သူအရောင်တွေကို ထိတွေ့ခွင့်ရတဲ့ပုံစံက ကျွန်တော်တို့နဲ့ကွာပါတယ်။ ကျွန်တော်တို့က အရောင်တွေကို အမြင်အာရုံနဲ့ ခံစားရပေမယ့် သူကတော့ အကြားအာရုံနဲ့ ခံစားရတာပါ။ ဟုတ်ပါတယ် အရောင်တွေကို ကြားရတာပါ။ ကျွန်တော် google မှာရှာကြည့်တာကတော့ အရောင်တွေကို အကြားအာရုံနဲ့ခံစားလို့ရတဲ့သူတွေက တစ်ကမ္ဘာလုံးရဲ့  (4%) လောက်ရှိပါတယ်။ လူထူးလူဆန်းတွေလို့ပဲ ပြောရမလားပေါ့နော်။ ဒါပေမယ့် Neil ကတော့ Cyborg နည်းပညာအကူအညီနဲ့ သူက အခုတော့ Art တွေရေးတဲ့ Cyborg Artist တစ်ယောက်ဖြစ်နေပါပြီ။

Cyborg အကြောင်းပြောမယ်ဆိုရင်တော့ မပါမဖြစ်သူတစ်ယောက်ရှိပါတယ်။ သူကတော့ Space X, Tesla, Boring Company စတဲ့ နာမည်ကြီး Organization တွေရဲ့ CEO ဖြစ်တဲ့ Elon Musk ပါ။

Musk ပြောဖူးတာတစ်ခုရှိပါတယ်။ သူ့ရဲ့ Human Development idealism ကသူများတွေနဲ့မတူပါဘူး။ သူက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို modify လုပ်မှာမဟုတ်ပဲ အရေးအကြီးဆုံး ဦးနှောက်ကို modify လုပ်ဖို့ဖြစ်ပါတယ်။ ဒီမှာပြဿနာတစ်ခုရှိတာက လူတစ်ယောက်ရဲ့ လုပ်ဆောင်ရည်ဟာ information စုပ်ယူခြင်း (input) ပိုင်းကိုပဲအားသာပြီးတော့ တကယ်ပြန်ပြီး react ရမယ့် (output ထုတ်တဲ့) အပိုင်းကျတော့ လုပ်ဆောင်မှုတွေ အားနည်းလာတာကိုတွေ့ရပါတယ်။ ဒီဟာကိုကျွန်တော် ဥပမာပေးရမယ်ဆိုရင် ကျွန်တော်တို့ Facebook သုံးနေတုန်း သူငယ်ချင်းတစ်ယောက်ရဲ့ post ကို တွေ့လို့ comment ဝင်ပေးမယ်ဆိုပါစို့။ အဲ့ဒီအခါမှာ ကျွန်တော်တို့ မန့်ရမယ့် comment ကို ဦးနှောက်က ချက်ချင်းစဉ်းစားနိုင်ပေမယ့် လက်က ဦးနှောက်စဉ်းစားပြီးတဲ့ နောက်မှလိုက်ရိုက်နိုင်တာဖြစ်ပါတယ်။ ဆိုတော့ ကြားထဲမှာ ရှိနေတဲ့ delay ကို ခန္ဓာကိုယ်က adapt မလုပ်နိုင်တာဖြစ်ပါတယ်။ အဲ့တော့ Elon Musk ရဲ့  plan က အဲ့တာပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ limitations တွေကို‌ ကျော်ပြီး ဦးနှောက်က Technology နဲ့အတူ တစ်ပြေးညီ အလုပ်လိုက်လုပ်နိုင်ဖို့ပါ။ Machine နဲ့ ဦးနှောက် synchronize လုပ်သလို ပုံစံပေါ့ဗျာ။

2017 March မှာ Elon Musk ဟာ သူ့ရဲ့  idea ကိုသက်သေပြဖို့ Neura Link ကို ပထမဦးဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Neura Link လေးကို ကိုယ့်ရဲ့ ဦးနှောက်မှာ transplant လုပ်ရမှာပါ။ ဒီအကြောင်းအရာကို စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင် ဒီ link မှာ လေ့လာလို့ရပါတယ်ဗျ။ လောလောဆယ်မှာတော့ Neura Link ကို မျက်စိကွယ်တာတို့၊ အကြားအာရုံချို့ယွင်းတာတို့၊ နောက်ဆုံး  ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်တဲ့ Alzheimer လို အတိတ်မေ့ရောဂါတွေအထိ ကုသဖို့  design လုပ်ထားတာပါ။ နောက်ပိုင်းကျရင် ကျွန်တော်တို့ထင်ထားသလို brain တစ်ခုကနေတစ်ခု data transfer လုပ်တာကစ လုပ်လို့ရနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အဲ့ဒီတော့ ကျွန်တော်အပေါ်မှာ ပြောပြပေးခဲ့တဲ့တာတွေအရ 21st Century ရဲ့ နည်းပညာတိုးတက်နှုန်းတွေ မြင့်မားနေတဲ့ခေတ်ကြီးမှာ နေထိုင်နေတဲ့ ကျွန်တော်တို့အားလုံးဟာ ကိုယ့်နည်းနဲ့ကိုယ် Cyborg တွေ တစ်စိတ်တစ်ဒေသဖြစ်နေကြပြီဆိုတာ ငြင်းလို့မရတော့ပါဘူး။ တစ်ခုရှိတာက နောင်လာမယ့်နှစ်အနည်းငယ်မှာ ဘယ်သူတွေက စက်ရုပ်အပြည့်ဖြစ်သွားကြမှာလဲ ဒါမှမဟုတ် ကျွန်တော်တို့ ဇာတ်ကားတွေထဲကလိုပဲ နောက်ဆုံးကျရင် Computerized Cyborgs တွေလက်ထဲကျရောက်သွားမှာလားဆိုတာကတော့ ကျွန်တော်တို့ generation က လက်တွေ့ တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။ အခုလို အချိန်ပေးပြီး ဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ နောက်အပတ်တွေမှာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ content တွေနဲ့ ပြန်လည်တွေ့ဆုံချင်ပါတယ်။

ဘုန်းသန့်ကျော်
၁၈.၀၂.၂၀၂၂

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *