Life Style

Meditation 101

အားလုံးပဲမင်္ဂလာပါဗျ။ ဒီတစ်ပတ်မှာတော့ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သွားရောက်ခဲ့တဲ့ (၃)ရက်တာ တရားစခန်းကနေပြီး သိမြင်ရရှိခဲ့တဲ့ တရားထိုင်ခြင်းအကြောင်းတချို့ကို ကျွန်တော်တတ်ကျွမ်းသလောက် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်အရင်က တရားထိုင်လေ့မရှိပါဘူး။ အိမ်ကလူကြီးတွေ တစ်ခါတလေပြောလို့သာ ခဏတဖြုတ်ထိုင်ချင်ထိုင်လိုက်မယ်၊ ကိုယ့်စိတ်သဘောနဲ့ ထိုင်ဖြစ်တဲ့ အခေါက်ဆိုတာ လက်ချိုးရေလို့ရတဲ့အထိပါပဲ။ အစက ဘာလို့တရားထိုင်ရသလဲဆိုတာကို သေချာမသိခဲ့ပါဘူး။ ဘာသာရေးကြောင့်လား၊ ကုသိုလ်ရလို့လား၊ ဒါမှမဟုတ် အဲ့ဒီထက်ပိုနိုင်သေးလားဆိုပြီး စဥ်းစားခဲ့ဖူးတယ်။ တကယ်တမ်းက တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေဖြစ်မှ ထိုင်လို့ရတာ မဟုတ်ပါဘူး။ ဘာသာ၊ လူမျိုး၊ ကျား၊ မ၊ လူကြီး၊ လူငယ် မရွေး လေ့လာအားထုတ်လို့ရတဲ့ အလေ့အကျင့်ကောင်း တစ်ခုပါ။ တရားထိုင်ခြင်းရဲ့ အနှစ်ချုပ်ကိုတော့ အမြဲတမ်း ပျံ့လွင့်နေတတ်တဲ့ ကိုယ့်စိတ်ကို အာရုံတစ်ခုထဲမှာ ပြန်လည်စုစည်းခြင်းလို့ ကျွန်တော်နားလည်မိပါတယ်။ တရားထိုင်တဲ့နေရာမှာ နည်းလမ်းတွေအများကြီးရှိပါတယ်။ လူအများဆုံးသုံးကြတဲ့ အလွယ်ကူဆုံးနည်းကတော့ ကိုယ့်နှာခေါင်းကထွက်တဲ့ ဝင်လေ၊ ထွက်လေကို “သတိ” ကပ်ပြီး ဝင်လာသမျှ အတွေးတွေကို ပယ်ထုတ်တဲ့ နည်းလမ်းပါ။ ကိုယ် အာရုံပြု သတိကပ်နေတဲ့ ဝင်လေ၊ ထွက်လေအပြင် တခြားအတွေးတစ်ခုမှ ဝင်မလာအောင် ထိန်းချုပ်ရတာပါ။ တရားထိုင်နေချိန်မှာ တခြား အတွေးသေးသေးလေးက စလို့ ကိုယ့်အတွေးတွေက ဘယ်ရောက်လို့ရောက်မှန်းမသိ နယ်ချဲ့သွားတဲ့အထိ အကြိမ်ကြိမ်ဖြစ်နေတတ်ပါလိမ့်မယ်။ အဲ့ဒီလိုအချိန်တိုင်းမှာ ကိုယ်က “သတိ” ပြန်ကပ်ပြီး ခုနက အာရုံပြုနေတဲ့ ဝင်လေ၊ ထွက်လေကိုပဲ ပြန် focus လုပ်ရပါလိမ့်မယ်။ ဆိုတော့ တရားထိုင်ခြင်းက အလွန်ရိုးရှင်းသလောက် ကိုယ်ထင်ထားသလို လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။

တရားစခန်းမှာကျတော့ ကျွန်တော်တို့ကို “တရားထိုင်တယ်” လို့မသုံးပါဘူး။ “သတိ၊ ဝီရိယ၊ သမာဓိ ထူထောင်တယ်” လို့ပဲ သုံးပါတယ်။ ဆိုလိုရင်းက ကျွန်တော်တို့ တရားစထိုင်ပြီဆိုရင် ကျွန်တော်တို့က “သတိ” ရှိနေရတာပါ။ အဲ့ဒီ “သတိ” ဆိုတာလေးကို အချိန်တစ်ခုထိ တည်တံ့နေအောင် ဦးဆောင်တွန်းပို့ပေးမှာက ကျွန်တော်တို့ စိုက်ထုတ်ရမယ့် “ဝီရိယ” ပါ။ ဝီရိယဆိုတာ ကြိုးစားအားထုတ်ခြင်းလို့လည်း အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ တရားထိုင်ရင် ခန္ဓာအားဖြင့်သော်လည်းကောင်း၊ စိတ်အားဖြင့်သော်လည်းကောင်း ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ ခန္ဓာအားဖြင့်ဆိုရင် ကိုယ့်ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲလာတာ၊ ခါးကို မတ်မတ်မထောင်နိုင်တော့တာ၊ ဟိုနေရာက ယားလိုက်၊ ဒီနေရာက ယားလိုက်တွေ ဖြစ်တာ စတာတွေ ကြုံရတတ်ပါတယ်။ စိတ်အားဖြင့်ဆိုရင်လည်း သတိကပ်နေတာတောင်မှ ကိုယ့်စိတ်တွေက ပျံ့လွင့်နေတတ်တာ၊ အာရုံစူးစိုက်လို့မရဖြစ်တာ၊ အခုလုပ်နေတဲ့ တရားထိုင်နေတဲ့ process လေးကိုပါ ရပ်ပစ်ချင်လောက်တဲ့ထိ အရှုံးပေးချင်လာတာ စတာတွေဖြစ်တတ်ပါတယ်။ ဒီလို အခက်အခဲ (speed bumps) လေးတွေကို ဖြေရှင်း‌စေမယ့် နည်းလမ်းတစ်ခုကတော့ “ဝီရိယ” စိုက်ထုတ်ခြင်းပဲဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ ဝီရိယစိုက်ထုတ်ရမယ့်နေရာမှာ “ခန္ဓာဝီရိယ” နဲ့ “စိတ်ဝီရိယ” ဆိုပြီး နှစ်ပိုင်းရှိသွားမှာဖြစ်ပါတယ်။ တရားထိုင်ရင်း အချိန်တစ်ခုရောက်လို့ ကိုယ့်ခန္ဓာက နာကျင်လာပြီ၊ ထုံလာပြီ၊ ကိုက်လာပြီဆိုရင် ကျွန်တော်တို့က ခန္ဓာဝီရိယနဲ့ သတိပြန်ကပ်ရပါမယ်။ စိတ်တွေပျံ့လွင့်လာပြီဆိုရင်လည်း စိတ်ဝီရိယနဲ့ သတိပြန်ကပ်ရပါမယ်။ အဲ့ဒီလို သတိကပ်တာကို ဝီရိယ စိုက်ထုတ်ပြီး အရှိန်တစ်ခုရလာပြီဆိုရင် အဲ့မှာ “သမာဓိ” တည်ပါတယ်။ ကိုယ့်မှာ သမာဓိ စတည်ပြီဆိုရင် လူက သိသိသာသာ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းပြီး တရားထိုင်ခြင်းအကျိုးတွေကို စတင်ရရှိစေမှာဖြစ်ပါတယ်။

တရားထိုင်ခြင်းဟာ ဗုဒ္ဓဘာသာ နယ်ပယ်မှာဆိုရင် နောက်တစ်ဆင့် (နိဗ္ဗာန်) ကိုသွားမယ့် အဓိကကျ၊ အရေးကြီးတဲ့ ကျင့်စဥ်တစ်ခုဖြစ်ပါတယ်။ ဗုဒ္ဓဘာသာအမြင်ကမဟုတ်ပဲ သိပ္ပံအမြင် (Scientific View) က ကြည့်ရင်လည်း ကိုယ့်အတွက် အောက်မှာဖော်ပြထားတဲ့အတိုင်း အကျိုးတွေရရှိစေမှာ ဖြစ်ပါတယ်။

  • ● စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ခြင်း
  • ● စိတ်ဖိစီးနေတဲ့အချိန်တွေမှာ အခြေအနေတွေကို ရှုထောင့်တစ်မျိုးကနေ မြင်နိုင်ခြင်း
  • ● Self-awareness ကောင်းမွန်လာခြင်း
  • ● ပစ္စုပ္ပန်ကိုပဲ တည့်တည့်ရှုနိုင်လာခြင်း
  • ● Negative emotions တွေကို ထိန်းနိုင်လာခြင်း
  • ● စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးမှုတွေ အားကောင်းလာခြင်း
  • ● သည်းခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်း
  • ● ကိုယ့်ခန္ဓာကိုယ်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တို့ကို ထိန်းပေးခြင်း
  • ● ကောင်းစွာ အိပ်စက်နိုင်ခြင်း

ကျွန်တော်ကတော့ တရားထိုင်တဲ့အလေ့အကျင့်ကို Gym ‌ဆော့သလိုပဲ နေ့စဥ်ပုံမှန် အချိန်တစ်ခုပေးပြီး နေ့တိုင်းလိုလို ထိုင်စေချင်ပါတယ်။ Gym ဆော့တာက ကိုယ့်ခန္ဒာကိုယ်ကို အလေးတွေအသုံးပြုပြီ ကြီးထွားဖွံ့ဖြိုး သန်မာစေတာဖြစ်ပြီးး တရားထိုင်ခြင်းကတော့ ကိုယ့်စိတ်ကို သတိ၊ ဝီရိယတို့နဲ့ သန်မာအောင်လုပ်သလိုပါပဲ။ အဲ့ဒီတော့ အားလုံးပဲ ကျွန်တော်ပြောပြပေးခဲ့တာလေးတွေကို ဖတ်ရှုမှတ်သားပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို စိတ်နှလုံးအေးချမ်းစွာနဲ့ ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်ဗျ။

ဘုန်းသန့်ကျော်

၂၁.၄.၂၀၂၃

Hello

Leave a Reply

Your email address will not be published. Required fields are marked *