Others

Cryptocurrency

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ System Developer အောင်ညီသစ် ဖြစ်ပါတယ်ခင်ဗျ။ ဒီတစ်ခါ sharing လုပ်ပေးချင်တာကတော့ cryptocurrency အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ပထမဦးဆုံးအနေနှင့် ကျွန်တော်တို့ နေ့စဥ် အသုံးပြုနေကြတဲ့ ငွေကြေးအကြောင်းကို အနည်းငယ်ပြန်ပြောရရင် ငွေကြေး (ပိုက်ဆံ) ဆိုတာက သက်ဆိုင်ရာ အစိုးရများက ထုတ်ဝေသည့် စံသတ်မှတ်ထားသော ငွေစနစ်ဖြစ်ပြီး ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူရောင်းချရာတွင် အသုံးပြုသော အရာတစ်ခုဖြစ်ပါတယ်။ ၎င်းသည် တစ်ခုနှင့် တစ်ခု ဖလှယ်ရာတွင် ကြားခံအနေနှင့်လည်းကောင်း၊ မိမိ ပိုင်ဆိုင်မှုကို ဖော်ပြရာတွင် ယူနစ်တစ်ခုအနေဖြင့်လည်းကောင်း၊ စုဆောင်းသိမ်းရာတွင် တန်ဖိုးတစ်ခုအနေဖြင့်လည်းကောင်း လုပ်ဆောင်ပေးပါတယ်။ ထိုသို့ငွေကြေးကို နေ့စဥ်သုံးစွဲရာတွင် အဓိကအားဖြင့် ငွေပိုက်ဆံ (Cash) နှင့် ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) ဆိုပြီး ပုံစံနှစ်မျိုးဖြင့် သုံးစွဲနေကြပါတယ်။ ဒီအယူအဆကို အခြေခံပြီး cryptocurrency ကိုပိုင်ဆိုင်မှု တစ်ခုအနေနှင့် အသုံးချနိုင်ပြီး မည်သို့တည်ဆောက်ထားပုံ နှင့် နောက်ကွယ်က ဘယ်လိုနည်းပညာများ ပံ့ပိုးထားလည်းဆိုတာကို ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် currency နှင့်ပတ်သက်ပြီးပြောပြချင်တာကတော့ stock exchange အကြောင်းဖြစ်ပါတယ်။ ဒါဆိုရင် stock ဆိုတာဘာလဲ။ စတော့ရှယ်ယာများကို အစုရှယ်ယာများ (Equities) ဟုလည်း သိကြတယ်။ ၎င်းသည် ကုမ္ပဏီတစ်ခု၏ အစိတ်အပိုင်းကို ပိုင်ဆိုင်ခွင့်ရသော ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့က စတော့ရှယ်ယာတစ်ခုကို ဝယ်ယူသောအခါ ကုမ္ပဏီ၏ အစုတစ်စိတ်တစ်ပိုင်းကို ဝယ်ယူနေခြင်းဖြစ်ပြီး ကျွန်တော်တို့တွင်ရှိသော အစုရှယ်ယာများရဲ့ အချိုးအစားအတိုင်း ပိုင်ဆိုင်ခွင့်များကို ရရှိနေမှာဖြစ်ပါတယ်။ ကုမ္ပဏီများအနေဖြင့်လည်း အစုရှယ်ယာများ ထုတ်ဝေရောင်းချခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှု ရယူခြင်း၊ လုပ်ငန်းကြီးထွားလာအောင်ချဲ့ထွင်ခြင်းနှင့် ပရောဂျက်အသစ်များအတွက် လိုအပ်သော ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ရရှိ‌နေမှာဖြစ်ပါတယ်။ ထို့သို့ စတော့ရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်ရန် stock exchange များပေါ်ပေါက်လာပါတယ်။ မြန်မာနိုင်ငံတွင်လည်း Yangon Stock Exchange တို့တွင် တရားဝင်တင်ရောင်းထားသော ကုမ္ပဏီအစုရှယ်ယာများကို ဝယ်ယူလို့ရနိုင်ပြီး နိုင်ငံတကာတွင်လည်း New York Stock Exchange ကဲ့သို့ platform များတွင် Microsoft, Apple, Google ကဲ့သို့သောကုမ္ပဏီကြီးများ၏ အစုရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံလို့ရနိုင်ပါတယ်။

စတော့ရှယ်ယာ တန်ဖိုးများသည် ကုမ္ပဏီ၏ စွမ်းဆောင်ရည်နှင့် စျေးကွက်အခြေအနေများအပေါ်မူတည်၍ စျေးနှုန်း အတက်အကျများ ဖြစ်ပေါ်နေပါတယ်။ Cryptocurrency များသည်လည်း ရင်းနှီးမြှုပ်နှံမှု ပုံစံတစ်ခုဖြစ်တဲ့ စတော့ရှယ်ယာများနှင့် အနည်းငယ်ကွဲပြားသော်လည်း သဘောသဘာဝအတူတူဖြစ်ပါတယ်။ Stock exchange များသည် စတော့ရှယ်ယာစျေးကွက် (Stock Market)  များဖြစ်ပေါ်လာအောင်လုပ်ဆောင်ပေးပြီး စတော့ရှယ်ယာစျေးကွက်များသည် အင်မတန်ကြီးမားသောစျေးကွက်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများအတွက် စတော့ရှယ်ယာများကို ဝယ်ယူရောင်းချလို့ရသော နေရာတစ်ခုဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း အ‌နေဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ ဝယ်ယူထားသော စတော့ရှယ်ယာတန်ဖိုးများ တက်လာလိမ့်မည်ဟုမျှော်လင့်ထားပြီး အမှန်တကယ်စျေးတက်လာသည့် အချိန်တွင် အမြတ်ထုတ်ရောင်းချနိုင်ပါတယ်။ ထို့အပြင် ကုမ္ပဏီအချို့သည် ၎င်းတို့၏ အမြတ်အစွန်းများကို အမြတ်ငွေ (dividends) အဖြစ် အစုရှယ်ယာရှင်များနှင့် မျှဝေပါတယ်။

စတော့ရှယ်ယာစျေးကွက်၏ အဓိကလုပ်ဆောင်ချက်များအနေဖြင့်

စျေးနှုန်းသတ်မှတ်ပေးခြင်း – ဝယ်ယူရောင်းချခြင်း အမှာစာများဖြင့် ဝယ်လိုအားနှင့်  ရောင်းလိုအား ( support and demand) ပေါ်မူတည်၍ စတော့ရှယ်ယာတစ်ခု၏ တန်ဖိုးများကို သတ်မှတ်ပေးခြင်း။

ရင်းနှီးမြှုပ်နှံမှုလည်ပတ်နိုင်ခြင်း – စတော့ရှယ်ယာဈေးကွက်သည် ရင်းနှီးမြှုပ်နှံသူများအား ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လွယ်ကူစွာ ဝယ်ယူရောင်းချနိုင်စေပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား လည်ပတ်နိုင်စေရန် လုပ်ဆောင်ပေးခြင်း။

စျေးကွက်အညွန်းကိန်း ပြသနိုင်ခြင်း – စတော့ရှယ်ယာစျေးကွက်၏ အတက်အကျ များကိုပြသထားသော အညွန်းကိန်းများကို ကြည့်ခြင်းအားဖြင့် စျေးကွက်စီးပွားရေးကို ခန့်မှန်းနိုင်ခြင်း။

တို့ဖြစ်ပါတယ်။ Cryptocurrency များ၏စျေးနှုန်းတန်ဖိုး သတ်မှတ်ချက်များနှင့် crypto market များသည်လည်း အထက်ပါနည်းများအတိုင်း ဖြစ်ပေါ်လာပါတယ်။

Cryptocurrency ဆိုသည်မှာ အစိုးရအဖွဲ့အစည်းများဖြင့် ထိန်းချုပ်ထားခြင်း မရှိသော digital currency တစ်မျိုးဖြစ်ပါတယ်။ Blockchain နှင့် Web 3.0 နည်းပညာပေါ် အခြေခံထားသောကြောင့် cryptocurrency များသည် လုံခြုံစိတ်ချရသော ငွေကြေးများဖြစ်ပါတယ်။ Crypto exchange များပေါ်တွင် လူအများအလွယ်တကူသိရှိနိုင်စေရန် စနစ်တကျ ဖွင့်ပြထားသော စာရင်းအင်းများကို အသုံးပြု၍ လုပ်ဆောင်ထားပါတယ်။ အထူးသဖြင့် cryptocurrency များသည် ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ ငွေကြေးများကဲ့သို့ အသုံးပြုနိုင်သော digital currency များပင်ဖြစ်ပါတယ်။ Cryptocurrency ၏ ရှေ့ဆုံးနမူနာတစ်ခုဖြစ်သော Bitcoin ကို ၂၀၀၈ ခုနှစ်တွင် ‘Satoshi Nakamoto’ ဟု အမည်ခံထားသည့် ဘယ်သူဘယ်ဝါမသိသူတစ်ဦးမှ ဖန်တီးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ‘Bitcoin: A Peer-to-Peer Electronic Cash System’ ဟုခေါင်းစဉ်ရှိသော စာတမ်းကို ထုတ်ပြန်ခဲ့ကာ Cryptocurrency ၏ နည်းပညာပိုင်းအခြေခံများကို ဖော်ပြခဲ့ပါတယ်။ ဒီဂျစ်တယ်ငွေကြေးအဖြစ် ဇန်နဝါရီ 3 ရက် 2009 တွင် တရားဝင်စတင်ခဲ့သော်လည်း ယနေ့ခေတ်ကဲ့သို့ crypto exchange များမရှိနေသေးသည့်အတွက် 2010 နှစ်လယ်မတိုင်မီ အထိ အလွယ်တကူအသုံးပြုရန် အခက်ခဲများရှိနေခဲ့သေးပါတယ်။ စျေးကွက်စတင်လည်ပတ်ခဲ့သည့်အချိန်တွင် Bitcoin သည် လူတိုင်း နှစ်သက်လက်ခံနိုင်သော တန်ဖိုးမရှိသေးပေ။ သို့သော် ၂၀၁၀ ခုနှစ်တွင် Bitcoin သည် စျေးကွက်တွင် စတင်လည်ပတ်လာခဲ့ပြီး BitcoinMarket.com အမည်ရသော ပထမဆုံးအိတ်ချိန်းတွင် Bitcoin တစ်ခုကို $0.08 နဲ့ စတင်အရောင်းအဝယ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲ့အချိန်မှစ၍ Bitcoin ၏တန်ဖိုးသည် အကြီးအကျယ်စျေးတက်ခဲ့ပြီး အမြင့်ဆုံးတန်ဖိုးအနေဖြင့် $75,830.00 အထိရောက်ရှိလို့လာခဲ့ပါတယ်။ အခြား နာမည်ကြီးပြီး လူသိများသော cryptocurrency များမှာ Bitcoin (BTC), Ethereum (ETH), Tether (USDT), BNB (BNB), Solana(SOL), Dogecoin(DOGE) တို့်ဖြစ်ပါတယ်။ Crypto exchange များပေါ်တွင် ရောင်းဝယ်နေကြသော cryptocurrency များကို သက်ဆိုင်ရာ exchange များဖြစ်သည့် Binance, Gate IO, Bitget, Coinbase တို့တွင် တွေ့မြင်နိုင်သလို့ Google Finance တို့တွင်လည်း သွားရောက်လေ့လာနိုင်ပါတယ်။ Crypto coin တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီးတော့လည်း  Coin Market Cap (website) တွင် ပြည့်ပြည့်စုံစုံ ဖော်််််ပြပေးထားပါတယ်။

Cryptocurrency များကိုလက်ဝယ်ရရှိပြီးလျှင် မည်သို့လုံခြုံစိတ်ချစွာ သိမ်းဆည်းထားရမည်ဆိုတာလည်း ထည့်သွင်းစဥ်းစားရမည့် အချက်ပဲဖြစ်ပါတယ်။ အ‌ခြေခံအားဖြင့် Blockchain နည်းပညာဖြင့်ပြုလုပ်ထားသော crypto wallet နှစ်မျိုးရှိပါတယ်။ Hot wallet (software wallet) နှင့်  cold wallet (hardware wallet) ဆိုပြီး အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ Wallet များကိုသက်ဆိုင်ရာ website, application နှင့် platform များတွင်ချိတ်ဆက်အသုံးပြုနိုင်ပြီး သတ်မှတ်ထားသော လုံခြုံရေး လမ်းစဥ်များကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ Wallet များကိုရွေးချယ်ရာတွင် ငွေကြေးစီးပွား‌ရေးဖြစ်သည့်အတွက် လုံခြုံရေး (Security)၊ အလွယ်တကူဝင်ရောက်အသုံးပြုနိုင်ခြင်း (Accessibility)၊ အဆင်ပြေချောမွေ့မှု (Convenience) တို့ကိုကြည့်၍ ရွေးချယ်အသုံးပြုသင့်ပါတယ်။ အသုံးများသော wallet များမှာ Coinbase, Metamask, TrustWallet ဆိုတဲ့ hot wallet များနှင့် KeepKey, Ledger, SafePal ဆိုတဲ့ cold wallet များဖြစ်ပါတယ်။

 

Cryptocurrency သည်ကျယ်ပြန့်သောနည်းပညာများပေါ်တွင် အခြေခံထားသည့်အတွက် ဒီလောက်နှင့် မလုံလောက်သေးဘဲ ဆက်လက်လေ့လာရန်လိုအပ်ပါသေးတယ်။ အနှစ်ချုပ်အားဖြင့် cryptocurrency သည် စီးပွားရေးနှင့် နည်းပညာတိုးတက်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ရပ်တည်လာပြီး၊ နည်းပညာပိုင်းတွင် ပိုမိုတိုးတက်လာမည့် အလားအလာကောင်းများရှိနေတယ်။ ထို့ကြောင့် အကျိုးစီးပွားများ စုဆောင်းရှာဖွေရာတွင် ငွေကြေးတစ်ရပ်ဖြစ် သိရှိနိုင်ရန် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျ။

Ref:

https://eimaung.com/bitcoin

https://bitcoin.org/en/resources

https://en.wikipedia.org/wiki/Cryptocurrency

https://www.investopedia.com/terms/c/cryptocurrency.asp

https://www.forbes.com/advisor/investing/cryptocurrency/what-is-cryptocurrency

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *