အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ညီညီဇော် ဖြစ်ပါတယ်။ ဒီအပတ် ကျွန်တော်ပြောပြချင်တာကတော့ Work life balance ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝရဲ့အချိန်တော်တော်များများကို လုပ်ငန်းခွင်မှာပဲဖြတ်သန်းဖြစ်ကြပါတယ်။ အလုပ်မှာရော ပြင်ပလူနေမှုဘဝမှာပါ စိတ်ဖိစီးမှုကင်းပြီး အောင်မြင်မှုတွေကို ခံစားချင်ကြပါတယ်။ ပြီးပြည့်စုံတဲ့ Career Life နဲ့ Personal Life ကိုလိုချင်တယ်ဆိုရင်တော့ ဒီနှစ်ခုကိုညီမျှအောင် manage လုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် manage လုပ်ဖို့အတွက် အခြေခံကျတဲ့အချက်တွေကို ပြောပြချင်ပါတယ်။
၁။ ကိုယ်က ဘာကိုဦးစားပေးမလဲ ဆိုတာကို သိအောင်လုပ်ရပါမယ်။
မိမိဘဝမှာ အလုပ်ကအရေးကြီးလား၊ မိသားစုကအရေးကြီးလားဆိုရင် (၂) ခုစလုံးက ဘဝရှင်သန်ရပ်တည်ဖို့အတွက် အရေးကြီးပါတယ်။ ဒါပေမယ့်အခြေအနေအချိန်အခါအပေါ်မူတည်ပြီး ကိုယ့်ရဲ့ ဦးစားပေးတဲ့အရာတွေကို အချိန်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဦးစားပေးလို့သတ်မှတ်ထားတဲ့အရာကို ဦးစားပေးတဲ့အချိန်တစ်ခုအတွင်းမှာ အာရုံစိုက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
၂။ အလုပ်မှာ မိမိရဲ့တစ်နေ့တာပန်းတိုင်ရှိရပါမယ်။
ကိုယ်ရဲ့အလုပ်မှာ ဒီနေ့ ဒါကို ပြီးအောင်လုပ်မယ်လို့ ဆုံးဖြတ်ထားရင် ပြီးမြောက်အောင်လုပ်ဆောင်ပါ။ ဒါဆိုရင် ကိုယ်ဟာ အချိန်တစ်ခုအတွင်းမှာ တာဝန်ကျေလုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိလာပါလိမ့်မယ်။ တစ်နေ့တာအလုပ်ကို ပြီးအောင်လုပ်ခဲ့တဲ့အတွက် အလုပ်ချိန်ပြင်ပမှာလည်း အလုပ်မပြီးလို့ စိတ်ဖိစီးမှု ရှိမှာမဟုတ်သလို ကိုယ်ရဲ့ကိုယ်ပိုင်အချိန်တွေကိုလည်း အေးအေးဆေးဆေးနဲ့ ဖြတ်သန်းနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်ကို သတ်မှတ်နေရာ၊ သတ်မှတ်အချိန်အတွင်းမှာ အတတ်နိုင်ဆုံးပြီးဆုံးအောင်ဆောင်ရွက်ပါ။ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားရင် မိမိကိုယ်ကိုကျေးဇူးတင်ပါ။ ပြီးရင် ကူညီဆောင်ရွက်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါ။ ယခုလို ပြုမှုဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းခွင် relation ကလည်း ပိုမိုကောင်းမွန်လာမှာပါ။
၃။ ကျန်းမာအောင်နေပါ။
မိမိဘဝမှာ အောင်မြင်ပြီး ပျော်ရွှင်ဖို့အတွက်ဆိုရင် ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အာဟာရရှိပြီး ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးတာ၊ တစ်ပတ်မှာအနည်းဆုံး (၃) ရက်လောက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းက ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ ရေများများသောက်ပါ။ အိပ်ရေး ပြည့်ဝအောင်အိပ်ပါ။ နောက်ထပ်အရေးကြီးတာတစ်ခုက အားလပ်ချိန်မှာ Technology Device တွေနဲ့ ဝေးဝေးမှာနေဖို့ပါ။
၄။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။
ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာက အလုပ်နဲ့ဘဝမှာ ပိုမိုကောင်းမွန်တဲ့ရလဒ် ရရှိနိုင်စေရန်အတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အလုပ်ရဲ့ လိုအပ်ချက် ကိုယ့်ရဲ့လိုအပ်ချက်တွေကို လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆွေးနွေးကြည့်ပြီး အလုပ်လုပ်တာမျိုး က အောင်မြင်ပြီးမြောက်တဲ့ အလုပ်တစ်ခုဖြစ်ဖို့ ပိုနီးစပ်ပါတယ်။ ဟန်မဆောင်ဘဲ ပွင်ပွင့်လင်းလင်းဆက်ဆံခြင်းက လုပ်ငန်းခွင်နဲ့ မိမိကြား ၊ မိမိရဲ့ relationship နဲ့ ကိုယ့်အတွက်အကျိုးရှိတဲ့ ရလဒ် ထွက်ပေါ်စေပြီး၊ ဟန်ဆောင်ပြီးမပွင့်မလင်းဆက်ဆံခြင်းက လုပ်ငန်းခွင်နဲ့ ကိုယ့်အကြား၊ မိမိရဲ့ relationship နဲ့ မိမိကြား ဆိုးဝါးတဲ့အကျိုးရလဒ်ဖြစ်စေပါတယ်။
အထက်မှာပြောပြခဲ့တဲ့ အချက်တွေက မိမိရဲ့ career life နဲ့ personal life ကြားမှာပျော်ရွှင်ပြီး အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ အားလုံးဘဲ ကျန်းမာပျော်ရွင်ပြီးအောင်မြင်တဲ့ ဘဝတွေရပါစေလို့ ဆုတောင်းရင်း ကျွန်တော် blog ကို ဒီမှာအဆုံးသတ်လိုက်ပါတယ်။ ဝင်ရောက်ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်။