Life Style

A Year and Change

အားလုံးပဲ မင်္ဂလာပါ။
ညီမကတော့ Spiceworks Myanmar မှာ Web Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ နီလာဌေး ဖြစ်ပါတယ်။ အခုဆိုရင် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလလည်း ဖြစ်တဲ့အတွက် ဒီတစ်နှစ်အတွင်းမှာ ကိုယ်ဘာတွေပြောင်းလဲခဲ့လဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ကြပါမယ်။ ပုံမှန်အတိုင်းကြည့်လိုက်မယ်ဆိုရင် အချိန်ကုန်တာ အရမ်းမြန်လွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ 2021 တုန်းကလည်း ဒီတိုင်းပဲ၊ 2022 ကျပြန်တော့လည်း ဒီတိုင်းပဲ ပြီးသွားတော့မယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားမရကြဘူး ဖြစ်နေပါလိမ့်မယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကောင်းတဲ့အချက်လေးတွေကိုလည်း လုပ်ခဲ့မိတာတွေ ရှိမှာပါ။ အဲ့ဒီအတွက် 2023 မရောက်ခင် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့ မေးခွန်းလေးတွေ ပြင်ဆင်ထားပါတယ်။ တစ်ခုချင်းစီကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ဖြေဆိုကြည့်ပါ။ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းက လူတစ်ယောက်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို နားလည်သဘောပေါက်စေပါတယ်။ အကယ်၍ ကိုယ်က 2022 မှာ အမှားတွေ လုပ်ခဲ့မိတယ်ဆိုရင်လည်း 2023 မှာ တူညီတဲ့အမှားမျိုး ထပ်မလုပ်မိဖို့ အစီစဉ်တွေချပြီး ကြိုးစားကြည့်ပါ။

ကဲအဲ့ဒါဆိုရင် မေးခွန်းလေးတွေ စလိုက်တော့မယ်နော်။

၁။ ကိုယ့် career မှာ အောင်မြင်မှုတွေ ရှိခဲ့လား။
ဒီတစ်နှစ်အတွင်း ကိုယ့် career မှာ အောင်မြင်မှုတွေရှိခဲ့လားလို့ ပြန်စဉ်းစားကြည့်ပါ။ ရှိခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကို ဂုဏ်ပြုလိုက်ပါ။ အကယ်၍ မရှိခဲ့ဘူးဆိုရင်လည်း ကိုယ်အောင်မြင်ချင်တဲ့ မှတ်တိုင်တွေကို သေချာမှတ်သားပြီး ကြိုးစားကြည့်ပါ။ ဥပမာအနေနဲ့ ကိုယ်က designer ဆိုပါစို့။ လာမယ့်နှစ်မှာ ကိုယ်က trend ဖြစ်နေတဲ့ design တွေနဲ့ ပတ်သက်ပြီး ဆွဲဖို့အတွက် အစီစဉ်ချထားမယ်ဆိုရင် လုံလောက်တဲ့ နည်းပညာ၊ အသိပညာတွေရှိဖို့ အရင်လေ့လာထားပါ။ ကိုယ့်ရဲ့ goal ကို သေချာမစဉ်းစားထားဘူးဆိုရင် အရင်နှစ်တွေလို ဒီတိုင်းပဲ မြန်မြန်ဆန်ဆန် ပြီးသွားပါလိမ့်မယ်။  Goal သတ်မှတ်ထားမယ်ဆိုရင် တစိုက်မတ်မတ်လုပ်နေတဲ့အတွက် ပျင်းရိခြင်းကိုလည်း လျော့ကျလာစေပြီး ကိုယ့်ရဲ့ goal နဲ့ ပိုပြီး နီးကပ်စေပါတယ်။

၂။ အလုပ်မှာ အရင်ကထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့လား။
အလုပ်မှာ ပြီးပြည့်စုံတယ်ဆိုတာ ရှားပါတယ်။ ကိုယ့်အလုပ်မှာ ဆုံးဖြတ်ချက်တွေအများကြီး ချရမယ်ဆိုရင် တချို့ဆုံးဖြတ်ချက်တွေက ချောချောမွေ့မွေ့နဲ့ ပြီးသွားပြီး တချို့က လွဲမှားသွားတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကိုယ့်အတွက် လွဲမှားသွားတဲ့ အလုပ်အချို့ကို ပြန်လည်သုံးသပ်ပြီး လာမယ့်နှစ်မှာ တိုးတက်မှုရှိအောင် လုပ်ကြည့်ပါ။ အလုပ်တိုးတက်ဖို့အတွက်ကလည်း Time management, Communication, Stress tolerance, Creativity, Interpersonal skills တွေ အဓိက လိုအပ်ပါတယ်။ ကိုယ့်အားနည်းချက်တွေကို သတိပြုမိခြင်းက လာမယ့်နှစ်မှာ professional ဆန်ဆန် တိုးတက်မှုအတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားကို ရောက်ရှိလာနိုင်ပါတယ်။

၃။ ကိုယ့် career မှာ long-term goal ရှိခဲ့လား။
ရေရှည်အသက်မွေးဝမ်းကြောင်းကို ဆိုလိုတာပါ။ ကိုယ်စိတ်ဝင်စားတဲ့ career ကို စဉ်းစားကြည့်ပါ။ ကိုယ့်အတွက် ရေရှည်အသက်မွေးဝမ်းကြောင်း မရှိခဲ့ဘူးဆိုရင်လည်း တစ်နှစ်အတွင်း အောင်မြင်မယ့် short-term career goal ကို ချမှတ်ကြည့်ပါ။ Long-term goal တည်ဆောက်တဲ့အခါမှာ အထောက်အကူဖြစ်စေပါတယ်။ Long-term career လုပ်ဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ နည်းပညာတွေကို လေ့လာပြီး အကောင်အထည်ဖော်ကြည့်ပါ။

၄။ ကြုံတွေ့ခဲ့ရတဲ့ challenges တွေက ဘာတွေလဲ။
ဒီတစ်နှစ်အတွင်းမှာ ကိုယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ challenges တွေကို စဉ်းစားကြည့်ပါ။ လူဆိုတာကလည်း စိန်ခေါ်မှုရှိမှ တိုးတက်မှာဖြစ်တယ်။ စိန်ခေါ်မှုတွေက အလုပ်နဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် လူတိုင်းနီးပါး ကြုံတွေ့ရပါတယ်။ အဲ့ဒီစိန်ခေါ်မှုတွေကို ကောင်းကောင်းစီမံခန့်ခွဲ မထားဘူးဆိုရင် မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေက ကိုယ့်အလုပ်ကို အဟန့်အတားဖြစ်စေပါတယ်။ လူတိုင်းမှာလည်း ပြဿနာအမျိုးမျိုးရှိတဲ့အတွက် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေရဲ့ အဓိကအကြောင်းအရင်းကို သိဖို့လိုအပ်ပါတယ်။ ပြဿနာကို ပြန်လည်ဖြေရှင်းဖို့အတွက် အဖြေရှာကြည့်ပါ။ အဲ့ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်။ နောက်တစ်ကြိမ် အလားတူစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။ တချို့ ကိုယ်တစ်ယောက်တည်း ဖြေရှင်းမရတဲ့ ပြဿနာတွေလည်း ရှိနိုင်ပါတယ်။ တခြားသူတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်လာရင် ကိုယ့်ကိုယ်ကို ရိုးသားဖို့တော့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်အားနည်းတဲ့အပိုင်းကိုမှ challenges လုပ်ရလို့ မအောင်မြင်သွားဘူးဆိုရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ဖို့ လိုအပ်ပါတယ်။ ဒီနှစ်ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို သိပြီဆိုရင် နောက်နှစ်အတွက် အဲ့ဒီစိန်ခေါ်မှုတွေကို အောင်မြင်ဖို့အတွက် အဖြေရှာကြည့်ပါ။

၅။ ပြင်ပရောဂါတွေက ကိုယ့်အလုပ်ကို ထိခိုက်စေခဲ့လား။
ရာသီတုပ်ကွေးဖြစ်လို့ အလုပ်နားရရင်တောင် ကိုယ့်အလုပ်ကို အနည်းနဲ့အများတော့ ထိခိုက်စေမယ်လို့ထင်ပါတယ်။ Covid 19 ကြောင့် အလုပ်တွေ ရပ်နားသွားခဲ့တာတွေလည်း ရှိပါတယ်။ အဲ့ဒီရောဂါက အလုပ်တွေ၊ နေ့စဉ်ဘဝနဲ့ ပတ်သက်ပြီး သင်ခန်းစာအများကြီးကို သင်ကြားပေးခဲ့ပါတယ်။ ရောဂါဖြစ်ပြီးတဲ့နောက်ပိုင်း ပြန်ပြီး သုံးသပ်ကြည့်မယ်ဆိုရင် အောက်က အချက်တွေကို တွေ့ရပါတယ်။
၁။ အလုပ်ရှိနေတဲ့အတွက် အလုပ်ကို ကျေးဇူးတင်ကြတယ်။
၂။ စိတ်ဖိစီးမှုများတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးလာကြတယ်။
၃။ ကြီးမားတဲ့အပြောင်းအလဲတွေကို လိုက်လျောညီထွေဖြစ်အောင် နေလာကြတယ်။
ရောဂါဖြစ်ပြီးနောက်ပိုင်း အလုပ်တွေ တည်ငြိမ်မှုမရှိတော့တဲ့အတွက် ရောဂါမဖြစ်ခင်နဲ့ ဖြစ်ပြီးတဲ့နောက်ပိုင်း ကိုယ့်အလုပ်ပေါ်မှာ ခံယူထားတဲ့ ခံယူချက်တွေကို နှိုင်းယှဉ်ကြည့်ပါ။ တော်တော်များများ ကွာဟနေတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် စိတ်ရော၊ ကိုယ်ရော ကျန်းမာနေအောင် လာမယ့်နှစ်မှာ ကျန်းမာရေးလိုက်စားပြီး နေထိုင်စားသောက်ဖို့အတွက် အစီစဉ်ချကြည့်ပါ။

၆။ ငွေကြေးပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲနိုင်ခဲ့လား။
အလုပ်အကိုင်ဆုံးရှုံးသွားမယ်၊ လစာဖြတ်ခံရမယ်ဆိုရင် ကိုယ့်ဘဝက ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ finance အနေအထားကို ပုံမှန်စစ်ဆေးတာက ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပြီး မရှိမဖြစ်လိုအပ်ပါတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ ဝင်ငွေနဲ့ အသုံးစရိတ်အတွက် စာရင်းပြုစုပြီး အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ အကယ်၍ ကိုယ်က ဒီနှစ်မှာ မလုပ်ထားဘူးဆိုရင် လာမယ့်နှစ်မှာ တစ်လချင်းစီ ဝင်ငွေ၊ ထွက်ငွေ စာရင်းပြုစုပြီး လုပ်ကြည့်ပါ။ ကိုယ်ရဲ့ တစ်လဝင်ငွေမှာ ကုန်ကျစရိတ်အတွက် သပ်သပ်ထားပြီး စုဆောင်းတာ ဒါမှမဟုတ် ရင်းနှီးမြှပ်နှံမှုတွေကို ပြုလုပ်ကြည့်ပါ။ အသက်အန္တရာယ်အတွက် အရေးပေါ်ရန်ပုံငွေ ထားထားပါ။

၇။ ဘယ်လို negative habits တွေရှိခဲ့လဲ။
မကောင်းတဲ့အလေ့အကျင့်တွေက လုပ်ယူရတာလွယ်ပြီး ဖြတ်ရခက်ပါတယ်။ ကိုယ်သတိမထားမိတဲ့ မကောင်းတဲ့ အလေ့အကျင့်တွေက အလုပ်နဲ့ နေ့စဉ်ဘဝကို မထိခိုက်စေပေမယ့် တချို့အပြုအမှုတွေက အနည်းနဲ့အများတော့ ထိခိုက်စေပါတယ်။ လူတော်တော်များများမှာ များသေားအားဖြင့် မကောင်းတဲ့အလေ့အကျင့်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ ချိန်းဆိုမှုအတွက်နောက်ကျခြင်း
၂။ ခဏခဏ deadline ရွှေ့ခြင်း
၃။ အချိန်ဆွဲခြင်း
၄။ Yes လို့ လွယ်လွယ်ကူကူပြောခြင်း
၅။ နောက်ကျမှ အိပ်ခြင်း
၆။ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးခြင်း
၇။ အဆိပ်သင့်သူများနှင့် ပေါင်းသင်းခြင်း တို့ဖြစ်ပါတယ်။
ကိုယ်ဘာကြောင့် ဒီမကောင်းတဲ့အလေ့အကျင့်တွေကို လုပ်နေရတာလဲဆိုတာကို စဉ်းစားကြည့်ပါ။ အဲ့ဒီအလေ့အကျင့်တွေမှ လွတ်မြောက်ဖို့ လာမယ့်နှစ်အတွက် ပြင်ဆင်ထားပြီး ကြိုးစားကြည့်ပါ။

၈။ ဘယ်လို positive habits တွေရှိခဲ့လဲ။
ဒီတစ်နှစ်အတွင်း ကိုယ့်မှာ ကောင်းတဲ့အလေ့အကျင့်တွေလည်း ရှိနိုင်ပါတယ်။ အဲ့ဒီကောင်းတဲ့အလေ့အကျင့်လေးတွေကို မြဲအောင် ထိန်းသိမ်းလိုက်နာသွားပါ။ လာမယ့်နှစ်မှာ ပိုကောင်းတဲ့သူဖြစ်ဖို့အတွက် အကျင့်ဆိုးတွေကို အကျင့်ကောင်းတွေနဲ့ အစားထိုးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပြီး လိုက်လုပ်ကြည့်ပါ။ ဥပမာအနေနဲ့ ကိုယ်က ဒီနှစ်မှာ ဆိုရှယ်မီဒီယာကို အလွန်အကျွံသုံးတဲ့သူဆိုပါစို့။ လာမယ့်နှစ်မှာ ဆိုရှယ်မီဒီယာအသုံးပြုတာကို လျော့ချဖို့အတွက် စာအုပ်ဖတ်တာနဲ့ အစားထိုးကြည့်ပါ။ အလေ့အကျင့်ကောင်းတွေက နေ့ချင်းညချင်း ပြုလုပ်လို့ရတဲ့အရာတော့ မဟုတ်ပါဘူး။ အလေ့အကျင့်ကောင်းတစ်ခု ဖန်တီးပြီးပြီဆိုရင် ကိုယ်ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာပါ။

၉။ ဒီနှစ်အတွက် ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ။
ဒီနှစ်တစ်လျှောက်မှာ ကိုယ့်ကို ပံ့ပိုးပေး၊ ကူညီပေး၊ အားပေးခဲ့တဲ့ လူတွေအကြောင်း စဉ်းစားကြည့်ပါ။ ဘယ်သူပဲဖြစ်ဖြစ် အသေးအမွှားလေးတွေကအစ တန်ဖိုးထားပြီး ကူညီပေးခဲ့တာတွေကို ရိုးရိုးရှင်းရှင်း ကျေးဇူးတင်ကြောင်း စာတိုလေးတစ်စောင် ပို့ကြည့်ပါ။ ဒါမှမဟုတ် ကျေးဇူးတင်စကားပြောဖို့ လက်ဆောင်လေးတွေ ပေးကြည့်ပါ။ အဲ့ဒီလို တန်ဖိုးထားတဲ့အတွက် ကူညီပေးခဲ့တဲ့လူကလည်း ပီတိဖြစ်ရပြီး နောက်ပိုင်း အကူညီတောင်းတဲ့အခါမျိုးမှာလည်း မဆိုင်းမတွ၊ ချက်ချင်းကူညီပေးလာနိုင်ပါတယ်။ နောက်ပြီး အချင်းချင်း communication ပိုပြီးကောင်းလာနိုင်ပါတယ်။

၁၀။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ကူညီပေးခဲ့ဖူးလား။
ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ အိမ်နီးနားချင်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးများကို အကျိုးအမြတ်မယူပဲ ကူညီပေးဖို့ ရည်မှန်းကြည့်ပါ။ ကိုယ်ရဲ့ အားသာချက်နဲ့ စိတ်အားထက်သန်မှုတွေကို စာရင်းပြုစုပြီး အခြားလိုအပ်နေတဲ့သူတွေရဲ့ ကောင်းကျိုးအတွက် ကူညီပေးကြည့်ပါ။ ဥပမာအနေနဲ့ ကိုယ်က Japanese Language ပိုင်းမှာ အားသာတယ်ဆိုပါစို့။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ အခုမှ Japan စာလေ့လာနေတဲ့သူကို လမ်းညွှန်ပေးတာမျိုး လုပ်ကြည့်ပါ။ အဲ့ဒီအတွက် လာမယ့်နှစ်မှာ အကူညီပေးဖို့ အစီစဉ်တစ်ခုခု ဖန်တီးပြီး လုပ်ကြည့်ပါ။ ဘဝမှာ တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမရင်း အသက်ရှင်နေထိုင်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းမလဲလို့ စဉ်းစားပြီး လိုအပ်နေတဲ့သူတွေကို ကူညီပေးကြည့်ပါ။

ကဲအပေါ်မှာပြောခဲ့တဲ့အချက်လေးတွေတစ်ခုချင်းစီကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြည့်ပါ။ လိုအပ်ချက်တွေရှိနေရင်လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပါ။

ညီမအနေနဲ့ mental ပိုင်းရယ်၊ physical ပိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ 2022 မှာ ပြောင်းလဲတာတွေ အများကြီးရှိပေမယ့် 2021 နဲ့ နှိုင်းယှဉ်ကြည့်ပြီး တော်တော်လေးကွာဟနေတာလေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ အလုပ်နဲ့ ပတ်သက်ပြီး တိုးတက်လာတယ်။
၂။ Language ပိုင်းလေ့လာမှု တိုးတက်လာတယ်။
၃။ အရာရာတိုင်းကို positive အနေနဲ့ တွေးတောလာနိုင်တယ်။
၄။ Communication ပိုင်း ပိုမိုကောင်းမွန်လာတယ်။
၅။ ဆံပင်ရှည်လာတယ်။
၆။ ကိုယ်တိုင် ချက်ပြုတ်နိုင်လာတယ်။
၇။ Weight ကျသွားတယ်။

ကောင်းတဲ့အရာတွေချည်း ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ မကောင်းတာတွေလည်း ဒီနှစ်မှာ ရှိခဲ့ပါတယ်။
၁။ တစ်ခုခုဆို ပုံမှန်မလုပ်ပဲ အချိန်ဆွဲလွန်းခဲ့တယ်။
၂။ Yes လို့ လွယ်လွယ်ကူကူပြောတာ များခဲ့တယ်။
၃။ နောက်ကျမှ အိပ်ရာဝင်တာ များခဲ့တယ်။
၄။ ဆိုရှယ်မီဒီယာကို အသုံးများခဲ့တယ်။
၅။ ကျန်းမာရေး ချူချာခဲ့တယ်။
၆။ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာခဲ့တယ်။
၇။ မျက်မှန်ပါဝါ တိုးလာခဲ့တယ်။

ကိုယ်ရော 2022 မှာ ဘာတွေပြောင်းလဲခဲ့လည်းလို့ စဉ်းစားကြည့်ပါ။ ညီမအနေနဲ့ 2022 ကို ပြန်လည်သုံးသပ်ကြည့်ပြီး 2023 မှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့အတွက် လုပ်မယ့်အရာလေးတွေကို အစီစဉ်လေးတွေ ချကြည့်ထားပါတယ်။ အဲ့ဒါတွေကတော့
၁။ မကောင်းတဲ့အလေ့အကျင့်တွေကို ပြင်ခြင်း
၂။ Language ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာခြင်း
၃။ အသစ်အဆန်းတစ်ခုခု လေ့လာခြင်း
၄။ ငွေကြေးစီမံခန့်ခွဲခြင်း
၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ပြင်ဆင်ခြင်း
၆။ ကိုယ်ကာယကျန်းမာအောင် အားကစားလိုက်စားခြင်း
၇။ စာအုပ်ဖတ်ခြင်း တို့ဖြစ်ပါတယ်။

လာမယ့်နှစ်အတွက် ကြိုတင်စီစဉ်ခြင်းက တစ်ခါတစ်လေ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင်လည်း စိတ်မပျက်သွားပဲ တတ်နိုင်သလောက် လုပ်လို့ရတာကို လုပ်ပါ။ အစီစဉ်ရေးဆွဲခြင်းက အချိန်ကို ကောင်းမွန်စွာ အသုံးချတတ်ပြီး ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်များကိုလည်း အောင်မြင်စေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။နောက်ပြီး အလုပ်မှာဖြစ်ဖြစ်၊ စိတ်အနေအထားမှာပဲဖြစ်ဖြစ် ပိုပြီး confident ရှိလာမယ်၊ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်လာမယ်လို့ ထင်မြင်မိပါတယ်။ ညီမအနေနဲ့ ကိုယ်လုပ်ဆောင်ရမယ့် task တွေကို Trello ကိုအသုံးပြုပြီး management လုပ်ပါတယ်။ Trello ကို ဒီ https://trello.com/home ကနေတစ်ဆင့် register လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ အားလုံးပဲ ကိုယ်ကိုယ်တိုင် ပြန်လည်သုံးသပ်ကြည့်ပြီး လာမယ့်နှစ်မှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

Reference
https://capital-placement.com/blog/self-reflection-questions/

Hello

Leave a Reply

Your email address will not be published. Required fields are marked *