Life Style

Do we really have Free Will?

ကိုဗစ်တွေကလည်း အရင်ထက် တော်တော်လေးပျံ့နှံ့လာပြီလို့ကြားရတယ်။ ဒါပေမယ့် အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ်။ ဒီရက်ပိုင်း productivity ကျနေတဲ့ ကျွန်တော် ညပိုင်းတွေ တွေးမိ ရှာဖွေမိရင်းနဲ့ ရှာတွေ့ထားတဲ့အကြောင်းအရာလေးတစ်ခုအကြောင်းကို ကျွန်တော် ဒီအပတ်မှာ ပြောပြပေးချင်ပါတယ်။ ကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ဗျ။ လူတွေဟာ ကိုယ်လုပ်ချင်တဲ့အရာတွေ၊ ရွေးချယ်မှုတွေကို တကယ်ရော ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိနေရဲ့လားပေါ့။ (ကျွန်တော်တို့မှာ တကယ်ရော Free Will ရှိနေရဲ့လားပေါ့ဗျာ။) ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့ကို “ဘယ်” နဲ့” ညာ” ဆိုတဲ့ လမ်းကြောင်းနှစ်ခုကို ကိုယ့်စိတ်ကြိုက်ရွေးချယ်စေမယ် ဆိုပါစို့။ ကိုယ်ဘယ်ဘက်ကိုပဲရွေးရွေး ကိုယ့်ရဲ့ရွေးချယ်မှုသည် ကိုယ့်ရဲ့ လွတ်လပ်စွာရွေးချယ်နိုင်စွမ်း (free will) ပဲ။ ဆိုတော့ ဘဝကရှင်းရှင်းလေးဗျာ။ ကိုယ်ရွေးတဲ့ ရွေးချယ်မှုရဲ့ နောက်မှာ ပါလာမယ့်အကျိုးဆက်ကတော့ ကိုယ်ကိုယ်တိုင်ပဲ ခံစားရမှာပေါ့။ ဒီမှာမေးခွန်းထုတ်စရာက ကျွန်တော်တို့ နေ့စဉ်နဲ့အမျှလုပ်နေရတဲ့ ရွေးချယ်မှုတွေကို ကျွန်တော်တို့ကိုယ်တိုင် တကယ်ရောဆုံးဖြတ်ပိုင်ခွင့်ရှိရဲ့လားဆိုတဲ့ အချက်ပဲ။

1980 ခုနှစ်က physiologist တစ်ယောက်ဖြစ်တဲ့ Benjamin Libet ဟာ EEG (Electroencephalogram) ကို အသုံးပြုပြီး လူတစ်ယောက်ရဲ့ စိတ်ဆန္ဒဆုံးဖြတ်ချက်တချို့ကို 300 mili seconds (0.3sec) မတိုင်ခင် ကြိုပြီးတွက်ချက်နိုင်ခဲ့တယ်။ ဒီမှာသက်သေပြသွားတာက ကျွန်တော်တို့ဟာ decision တစ်ခုကို မလုပ်ခင်၊ မဆုံးဖြတ်ခင်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဦးနှောက်က အရင် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေတယ်ဆိုတာပဲ။ နောက်ထပ် လေ့လာတွေ့ရှိချက်တစ်ခုရှိသေးတယ်ဗျ။ FMRI (Functional Maganetic Resonance Imaging) ဆိုတဲ့ high tech gadgets တွေကိုအသုံးပြုပြီး တကယ့်လူတွေနဲ့ button pressing testing တွေ လုပ်ခိုင်းကြည့်တဲ့အခါမှာ သူတို့အားလုံးထဲက လူတချို့ရဲ့ နှိပ်မယ့်ခလုပ်တွေကို (၇ စက္ကန့်ကနေ ၁၀စက္ကန့် မတိုင်ခင်) သူတို့အသိစိတ်နဲ့ မနှိပ်ခင်မှာ ကြိုတင်ခန့်မှန်းလို့ရခဲ့တာကို တွေ့ရှိခဲ့ကြတယ်။ ဒီမှာ ထပ်ပြီး ရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့အချက်က ကျွန်တော်တို့ဟာ အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင် ဦးနှောက်က ကျွန်တော်တို့အတွက် အရင်ဆုံးဖြတ်ချက်ချပေးပါတယ်။ အဲ့ဒီ decision တစ်ခု ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာ ချပြီးသွားပြီဆိုကာမှ ကျွန်တော်တို့ဟာ အဲ့ဒီအလုပ်ကို စလုပ်တော့မယ်ဆိုတဲ့ အသိစိတ်ဟာဝင်လာတာဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ဦးနှောက်ဟာ ကျွန်တော်တို့ နှလုံးလိုပဲဗျ။ သူ့ကို ဘာလုပ်ပါလို့ တကယ်တန်းသွားပြောလို့မရဘူး။ သူဟာ သူ့ဘာသာသူ လူတစ်ယောက်ရဲ့ အတွင်းအပြင်မှာဖြစ်တည်နေတဲ့ atom တွေရဲ့ chemical reaction တွေအရ အလုပ်လုပ်ဆောင်ပေးနေတာဖြစ်တယ်။ ဒီမှာ မေးခွန်းထုတ်စရာဖြစ်လာတာက ကျွန်တော်တို့ဟာ တကယ်တမ်း လုပ်နေတဲ့ decision တွေကို ကိုယ့်စိတ်ကြိုက် ကိုယ်ကိုယ်တိုင် တွေးခေါ်ဆုံးဖြတ်နေတာရော ဟုတ်ပါ့မလားပေါ့။ ဒါမှမဟုတ် ကျွန်တော်တို့ဦးနှောက်ရဲ့ mili seconds လောက်ကြိုတင်ပြီး လုပ်ပေးထားတဲ့ thought presentation တစ်ခုသာသာကို လွန်ဆန်လို့မရနေတာလား။

ပတ်ဝန်းကျင်နဲ့ အဆက်မပြတ် ထိတွေ့ဆက်ဆံနေကြရတဲ့ ကျွန်တော်တို့ နေ့စဉ်ဘဝတွေမှာ ရွေးချယ်မှုတွေ ပြုလုပ်ရင် ပတ်ဝန်းကျင်ရဲ့ လွမ်းမိုးမှုဟာလည်း ငြင်းဆန်လို့မရတဲ့ အချက်တွေထဲမှာ ပါနေပါတယ်။ မြန်မာစကားပုံ တချို့ရှိပါတယ်။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” ဆိုသလိုပဲပေါ့ဗျာ။ ကိုယ့်ရဲ့ decision making skills က ကိုယ့်ပတ်ဝန်းကျင်နဲ့ အများကြီး ပါဝင်ပတ်သက်မှုရှိနေတယ်။ ဒီအကြောင်းကို ထပ်ချဲ့ပြောပြရရင် လူတွေရဲ့ မျိုးရိုးဗီဇ (Genetics) ဟာလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ်ဗျ။ Charles Darwin ရဲ့ “theory of evolution” article ထဲမှာ ပြောထားတာတစ်ခုရှိတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်း (intelligence) ဟာ မျိုးရိုးအလိုက် မတူညီကြဘူးတဲ့။ ဒီလိုတွေးခေါ်နိုင်စွမ်းတွေကို တခြားတစ်ယောက်ထက် သာလွန်ချင်ရင် ဗဟုသုတတွေရှာဖွေ၊ ကြိုးစားလို့ရပေမယ့် ဒီလို process တွေမှာ ကိုယ့်ရဲ့ genetics ပေါ်မူတည်ပြီး ကန့်သတ်ချက်တွေရှိနိုင်တယ်။ ဆိုတော့ ကျွန်တော်တို့ဟာ တကယ်တမ်း ကိုယ်ဘယ်လောက်ထိ intelligent ဖြစ်နိုင်မလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်လို့မရနေပြန်ပါဘူး။ အဲ့ဒီတော့ ခုနကမေးခွန်းပဲ ပြန်မေးစရာဖြစ်လာပါပြီ။  ကျွန်တော်တို့ဟာ မွေးဖွားလာထဲက ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်“Free Will” တကယ်ရော ရှိနေနိုင်သေးလား။ တကယ်သာ ရှိတယ်ဆိုရင် ကျွန်တော်တို့အားလုံးဟာ တူညီတဲ့ အစပြုခြင်းတွေရှိနေမှာပေါ့။ အခုကျတော့ တချို့တွေက ခက်ခဲတဲ့ အခြေအနေတွေမှာ မတူညီတဲ့ genes တွေ၊ မတူညီတဲ့ ဒေသတွေမှာရှိနေတဲ့အတွက် မတူညီတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းခံရနိုင်တဲ့နောက်ဆုံး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဆိုတာ မရှိတော့သလောက် ပျောက်ဆုံးခဲ့ရတဲ့သူတွေလည်း အများကြီးရှိခဲ့ပြီးသားပါ။ အဲ့ဒါကြောင့် လေ့လာသူတွေက “Free Will” ဆိုတာကို ယုံကြည်တဲ့သူတွေဟာ ဘာသာတရား (Religion) တစ်ခုကို ကိုးကွယ်ယုံကြည်တဲ့ သူတွေနဲ့ ဘာမှသိပ်မခြားဘူးလို့ ဆိုကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စနှစ်ခုလုံးက ရှောင်လွဲလို့မရတဲ့ Laws of Physics တွေနဲ့ တစ်ခုမဟုတ်တစ်ခု သွားငြိနေတာများတာကိုးဗျ။

နောက်ထပ် ဥပမာပေးဖို့ရှိသေးတယ်။ ကျွန်တော်တို့ ဒီနောက်ပိုင်းလူတော်တော်များများ နေ့စဉ်ဘဝမှာ မှီခိုအားထားနေရတဲ့ အရာတွေရှိတယ်။ Alcohol, Antipsychotics, Drugs စသဖြင့်ပေါ့ဗျာ။ ဒီအရာတွေတော်တော်များများက ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကို အနည်းနဲ့အများ ပြောင်းလဲသွားစေတယ်။ ကျွန်တော့်အဖွားဆို ညည အိပ်ဆေးမသောက်ရင် အိပ်မပျော်တော့ဘူး။ ကျွန်တော်ပြောချင်တာက  အဲ့ဒါပဲ။ ကျွန်တော်တို့သာ free will တကယ်ရှိတယ်ဆိုရင် ဒီအရာတွေနဲ့ ထိတွေ့လိုက်ရင် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘာလို့မတူညီနိုင်ရတော့တာလဲ။
နောက်ပြီး နိုင်ငံခြားမှာ hot ဖြစ်သွားတဲ့ case တစ်ခုရှိတယ်။ အဲ့ဒီလူကြီးနာမည်က Domenico Mattiello ။ သူက သူတို့မြို့နယ်မှာဆို အရည်အချင်းပြည့်ဝတဲ့ လူအများလေးစားရတဲ့ ကလေးဆရာဝန်တစ်ယောက်။ 2012 မှာ သူဟာ ချက်ချင်းဆိုသလို behavioral changes တွေဖြစ်ပြီး အမှုတစ်ခုရင်ဆိုင်လိုက်ရတယ်။ သူကုနေတဲ့ ကလေးတချို့ကို မဖွယ်မရာလုပ်လိုက်တယ်ဆိုတဲ့ အမှုမျိုးပေါ့ဗျာ။ အဲ့ဒီမှာ နောက်တော့ neuroscientific scanning research တွေလုပ်လိုက်တဲ့အခါမှာ ၄လက်မ နီးပါးရှိတဲ့ brain tumor တစ်ခုကို သူ့ဦးနှောက်အောက်ခြေမှာ သွားတွေ့တယ်။ နောက်ဆုံးသူ့ရဲ့ ဦးနှောက်က tumor ကို ဖယ်ထုတ်လိုက်မှသာ သူဟာလူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားတယ်။ ဒီလိုအခြေအနေမျိုးတွေကို ကြည့်ခြင်းအားဖြင့် လူတစ်ယောက်ဟာ သူ့ရဲ့ brain chemistry ကိုပြောင်းလဲစေလိုက်တာနဲ့ သူရဲ့အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေပါ ပြောင်းလဲစေတာကို တွေ့ရတယ်။ အဲ့ဒီတော့ ကျွန်တော်တွေးမိတာက Christopher Nolan ရဲ့ “Inception” ဆိုတဲ့ ဇာတ်ကားတွေမှာလိုမျိုး ကိုယ့်လုပ်မယ့် decision တွေကို ပြောင်းလဲပြစ်လို့ရမယ့် technology တွေ alchemy တွေပေါ်လာခဲ့ရင် ကျွန်တော်တို့ တကယ်အပြင်မှာရော ဖြစ်နိုင်မလားပေါ့။

United Kingdom Government ရဲ့ report တစ်ခုထုတ်ပြန်ချက်အရ သူတို့နိုင်ငံရဲ့ အကျဉ်းထောင်တွေမှာရှိတဲ့ အကျဉ်းသားတွေရဲ့ ၅၀% ကျော်ကျော်ဟာ brain injury တွေဖြစ်နေကြတယ်တဲ့။ ဆိုတော့ ကျွန်တော်တို့ဟာ တကယ်ရှိလား မရှိလားဆိုတာကို သိရှိပြီသားဖြစ်နေမယ်ဆိုရင် ဒီလိုလူတွေနဲ့ကြုံတွေ့လာရမယ်ဆိုရင် အနည်းဆုံးတော့ သူတို့ကို စာနာတတ်လာမယ်ပေါ့။ သူတို့ဟာ ကျွန်တော်တို့နဲ့ ဘာမှမကွာဘူး။ ကြုံတွေ့လာရတဲ့ ဘဝအခက်အခဲ၊ ဖြစ်တည်လာရတဲ့ မိသားစုအခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေအပေါ်မူတည်ပြီး ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရွေးချယ်မှုတွေမတူညီပဲ ဖြစ်တည်နေရတာပဲဆိုပြီး တွေးမိလာလိမ့်မယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ တကယ်တမ်း free will ဆိုတာကြီးကို မပိုင်ဆိုင်ရပေမယ့် ကျွန်တော်ရှင်းပြပြီးတဲ့အချိန်မှာ တကယ့် root cause ကိုတော့ အတိုင်းအတာတစ်ခုထိ ရှင်းရှင်းလင်းလင်း သိရှိသွားလိမ့်မယ်လို့ ထင်တယ်ဗျ။ ဒါပေမယ့် ကျွန်တော်အခုပြောခဲ့တဲ့ အတွေးတွေကို မေ့ပြီး ကိုယ့်ဦးနှောက်ကို ကိုယ်ပဲ အစိုးရတယ်ဆိုတဲ့ အသိစိတ်နဲ့ပဲ ဆက်နေဖို့ အကြံပြုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဲ့ဒီလိုတွေးမှသာ ကျွန်တော်တို့ဘဝကို ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေကိုဖြစ်စေတဲ့ ဆုံးဖြတ်ချက်မျိုးတွေကို ချနိုင်မှာဖြစ်လို့ပဲဗျ။ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ နောက်တစ်ခေါက်တွေမှာလည်း ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။

ဘုန်းသန့်ကျော်
20.09.2022

Hello

Leave a Reply

Your email address will not be published. Required fields are marked *