Life Style

ပျော်ရွှင်မှု အရင်းအမြစ်

အားလုံးပဲ မင်္ဂလာပါနော်။ ကျွန်မကတော့ အိဖြိုးမွန် ပါ။ ကျွန်မတို့ Spiceworks Myanmar မှ ရေးသားတဲ့ ဘ‌လော့ဂ်တွေကို ပုံမှန်ဖတ်ဖြစ်တဲ့ သူတွေအနေနဲ့ကတော့ တော်တော်လေး ရင်းနှီးနေကြပါပြီ။ ဒီတစ်ပတ်မှာတော့ သီတင်းကျွတ်ပိတ်ရက်လည်း ရှိတာကြောင့် ပေါ့ပေါ့ပါးပါးလေးပဲ ရေးဖြစ်ပါတယ်။ ဒါကတော့ Facebook ကနေ ကြိုက်နှစ်သက်လို့ ဖတ်ဖြစ်နေတဲ့  Save Soil – Myanmar  https://www.facebook.com/savesoilmyanmar  မှတဆင့် ဝေမျှပေးထားတဲ့ အကြောင်းအရာလေးတွေထဲကမှ “ပျော်ရွှင်မှု အရင်းအမြစ်” ဆိုတဲ့ ခေါင်းစဉ်လေးထဲက သဘောကျမိတာလေး တချို့ကို ပြန်လည်ဝေမျှပေးပါမယ်။ ဒီ  Save Soil – Myanmar မှာတော့ “Sadhguru” ရဲ့ တန်ဖိုးရှိတဲ့ အတွေးအခေါ်တွေ၊ စိတ်စွမ်းအားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ (စိတ်စွမ်းအားဆိုလို့ အများကြီးမတွေးပါနဲ့ မိမိစိတ်ကို ထိန်းကွပ်နိုင်မယ့် နည်းလမ်းအချို့) နဲ့ မိမိဘဝအတွက် လိုအပ်သော စိတ်နေစိတ်ထား၊ အရေးပါတဲ့ ပျော်ရွှင်မှုတွေရဲ့ အရင်းအမြစ်နဲ့ ပတ်သက်ပြီးများစွာ ပါဝင်ပါတယ်။ ဒါဆို နည်းနည်း ဝေမျှပေးပါမယ်နော်။

“လူသားတစ်ယောက်ရဲ့ ဘဝမှာ ပထမဦးဆုံး တာဝန်က ပျော်ရွှင်ဖို့ပဲ။”
Sadhguru : The Source of Joy is Within you

“ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ဟာ အတွင်းမှာ ရှိတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝဟာ ပျော်ရွှင်မှု ဖြစ်လာတဲ့အခါ ပျော်ရွှင်ဖို့အတွက် ဘာမှလုပ်စရာ မလိုတော့တဲ့အခါ လောကကြီးအပေါ်ထားတဲ့ ခင်ဗျားရဲ့အမြင်တွေ ပြောင်းလဲလာလိမ့်မယ်။ ဘဝမှာ ရှင်သန်ရတဲ့ အနှစ်သာရ လုံးဝ ပြောင်းလဲလာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားက အတိုးအမြတ်ကို လိုက်ရှာနေတာ မဟုတ်တော့ဘဲ တစ်စုံတစ်ခုကို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တစ်စုံတစ်ခုကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်လိုချင်တာတွေ ဖြစ်လာလာ မဖြစ်လာလာ ပျော်တယ်။ ဒါကြောင့် ဘာအတိုးအမြတ်ကိုမှ တပ်မက်နေခြင်း မရှိတော့ဘူး။ ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ သဘာဝ ဖြစ်နေတဲ့အခါ ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်း လက်ရှိထက် လုံးဝ ခြားနားတဲ့အဆင့်တစ်ခု ရောက်အောင် မြင့်မားသွားလိမ့်မယ်။ လူတစ်ယောက်ဟာ သူ့ဘ၀ကို အတွင်းကနေစပြီး ပြောင်းလဲမှသာလျှင် စစ်မှန်တဲ့ သုခဆိုတာ ဘာလဲ ရှင်းရှင်းလင်းလင်း သိမြင်လာလိမ့်မယ်။ လက်ရှိမှာ ခင်ဗျားဝတ်ထားတဲ့ အဝတ်တွေ၊ သင်ယူထားတဲ့ ပညာအရည်အချင်းတွေ၊ မိသားစုနောက်ခံတွေ၊ ဘဏ်ထဲက ငွေပမာဏတွေက ခင်ဗျားဘဝရဲ့ အရည်အသွေး ဘယ်လောက်ကြွယ်ဝလဲ ဆုံးဖြတ်ပေးမှာ မဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ အရည်အသွေး ဘယ်လောက်ကြွယ်ဝလဲဆိုတာ ကိုယ်ဘယ်လောက် အေးချမ်းနေလဲ ပျော်ရွှင်နေလဲ အပေါ်ပဲ မူတည်တယ်။ ခင်ဗျားဘဝမှာ သုခအစစ်အမှန် ဖြစ်မနေဘူးဆိုရင် ကမ္ဘာကြီးအတွက် တကယ်တန်ဖိုးရှိတဲ့ အရာ ဘာတစ်ခုကိုမှ ခင်ဗျား လုပ်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ဘယ်သူလဲ ဆိုတဲ့ အရည်အသွေးက လောကကြီးထဲမှာ ကိုယ်ဖြန့်မယ့်အရာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါဟာ အမှန်တရားပဲ။ ဒါကြောင့် ကမ္ဘာကြီးကို ဂရုစိုက်တယ်ဆိုရင် လောကကြီးထဲမှာ တစ်စုံတစ်ခုကို ဖြစ်မြောက်အောင် လုပ်ချင်တဲ့ဆန္ဒရှိရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပျော်ရွှင်နေတဲ့ လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲလိုက်ပါ။ ပြီးတော့မှ ကျန်တာတွေ ဆက်လုပ်တာပေါ့။” ဆိုပြီး ပျော်ရွှင်ဖို့က အရေးပါကြောင်း ပြောပြထားပါတယ်။
နောက်ထပ်အနေနဲ့ “Sadhguru” ရဲ့ စိတ်၏စွမ်းအားနှင့် ပတ်သက်သော “Quotes” များထဲက ကျွန်မ သဘောကျမိတဲ့ တချို့ကို ဝေမျှပေးပါမယ်။ “Quotes”  တွေရဲ့ အသေးစိတ်ကိုတော့ စာအရမ်းရှည်သွားမှာကြောင့် ထည့်မရေးတော့ပါဘူးနော်။
(1) “Being blissful is not a goal by itself. It is just a good condition to make life’s journey.” “Sadhguru”

(၁) “ပျော်ရွှင်မှု ဆိုတာ ပန်းတိုင်တစ်ခုမဟုတ်ဘူး။ ဘဝလမ်းခရီးကို လျှောက်လှမ်းဖို့အတွက် အခြေအနေကောင်းတစ်ခု ဖြစ်ရုံပါပဲ။”

(2) “Life has a certain pace. You should be joyfully in a hurry but never impatient.” “Sadhguru”

(၂) “ဘဝမှာ သူ့အရှိန်နဲ့သူရှိတယ်။ ကိုယ်က ပျော်ပျော်ရွှင်ရွှင် အလျင်လိုတတ်ရမယ်။ စိတ်မရှည်မဖြစ်ရဘူး။”

(3) “Time is slipping away for all of us at the same pace. You cannot manage time, but you can manage your energy.” “Sadhguru”

(၃) “အချိန်က ကျုပ်တို့ အားလုံးအတွက် တပြေးညီတည်း ကုန်ဆုံးနေတယ်။  အချိန်ကို စီမံလို့မရဘူး ကိုယ့်စွမ်းအင်တွေကိုပဲ စီမံလို့ရတယ်။”

(4) “Your hand is useful because it goes where you want it to go. Similarly, your mind is only useful if it goes where you want it to go.” “Sadhguru”

(၄) “ကိုယ့်ရဲ့လက်က ကိုယ်လုပ်စေချင်တာကိုလုပ်မှ အသုံးဝင်တယ်။ ထိုနည်းတူပဲ ကိုယ့်ရဲ့စိတ်ကလည်း ကိုယ်သွားစေချင်တဲ့ နေရာကိုသွားမှ အသုံးဝင်မယ်။”

(5) “If you do not know how to use it, the mind will use you and consume you.” “Sadhguru”

(၅) “စိတ်ကို ခင်ဗျား အသုံးမပြုတတ်ရင် စိတ်က ခင်ဗျားကို အသုံးပြုပြီး ဝါးမြိုသွားမှာပဲ။”

ဒါကတော့ စိတ်စွမ်းအားနဲ့ဆိုင်တဲ့ အရာလေးတွေပါ။

(6)  “Once you are clear about what you are doing and why, other people’s opinions will not matter.” “Sadhguru”

(၆) “ကိုယ်ဘာလုပ်နေလဲ ? ဘာကြောင့် လုပ်နေလဲ ? အပေါ် ရှင်းရှင်းလင်းလင်း သိမြင်တဲ့အခါ ဘေးလူတွေရဲ့ အမြင်ဟာ အရေးမပါတော့ဘူး။”

(7) “It is easier to change your thinking than to change the world. Changing your thinking will definitely change the world.” “Sadhguru”

(၇) “ကိုယ့်ရဲ့တွေးတောပုံကို ပြောင်းလဲဖို့က လောကကြီးကို ပြောင်းလဲဖို့ထက်ပိုလွယ်တယ်။ ကိုယ့်တွေးတောပုံကို ပြောင်းလဲလိုက်ရင် လောကကြီးလည်း သေချာပေါက် ပြောင်းလဲသွားမှာပဲ။”

(8) ” As long as you think someone else is responsible for the way you are, you cannot become the way you want to be.” “Sadhguru”

(၈) “ကိုယ်ဘယ်လိုလူဖြစ်လာလဲ ဆိုတဲ့အပေါ် အခြားလူတစ်ယောက်က တာဝန်ရှိတယ်လို့ထင်နေသေးသရွေ့  ခင်ဗျားဟာ ကိုယ်ဖြစ်ချင်တဲ့ပုံစံ ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။”

ဆိုပြီး ကျွန်မ သဘောကျမိတဲ့ အရေးအသားလေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်။

တစ်ဘဝလုံးနဲ့ဆိုင်ပြီး ကျွန်မသဘောအကျဆုံးကတော့ နံပါတ် (၈) ပါ။ ကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု၊ ဖြစ်တည်မှု၊ ရပ်တည်နိုင်မှုနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်မှုတွေက မိမိနဲ့ပဲ ဆိုင်တာပါ။ မိမိတာဝန်သာ ဖြစ်တာမို့ တခြားတစ်ယောက်အပေါ်မှာ မမှီတွယ်ပဲ နေနိုင်မှသာ ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ကို ရရှိမှာပါ။

နောက်ဆုံးတစ်ခုက ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ဘုရားကြီး ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့တဲ့ တရားတော်မှာလည်း ပျော်ရွှင်မှုနဲ့ ပတ်သက်လို့ ယခုလို နာယူခဲ့ဖူးပါတယ်။

ပျော်ရွှင်မှုလေ့ကျင့်ခန်း – Happiness Exercise
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ ပျော်ရွှင်မှုကို လေ့ကျင့်ပါ၊ အကျင့်ဖြစ်အောင် လေ့ကျင့်ပါ။
★ အချိန်အများကြီး မလိုပါဘူး။ ဒါပေမယ့် နေ့စဉ်လုပ်ရမယ်။ မနက်တစ်ကြိမ်နဲ့ ညနေပိုင်းတစ်ကြိမ်လောက်လုပ်ရမယ်။
★ မနက်တစ်ကြိမ် အိပ်ယာမထသေးဘူး အိပ်ယာကနေ နိုးလာပြီ၊ မျက်စိပွင့်လာပြီဆိုရင် ကိုယ့်ဟာကိုယ် စက္ကန့်သုံးဆယ် အချိန်ပေးပြီး အသက်ကို မှန်မှန်ရှူပြီးတော့…
“သြော်… ငါ ဒီမှာ အသက်ရှူလို့ကောင်းနေတယ်။ ကျန်းမာရေးကောင်းနေတယ်။ ဒီနေ့ ငါ လုပ်ချင်တာလုပ်ဖို့အတွက် နောက်ထပ်တစ်ရက် ငါ ရထားတယ်။”
★ အဲဒါလေး ကိုယ့်ဟာကိုယ် တွေးပြီးတော့ ပီတိဖြစ်ပါ။ ပျော်ရွှင်ပါ။
ကိုယ်လှူထားတဲ့အလှူတွေ အဲ့ဒီအကြောင်းတွေပြန်တွေးပြီးတော့ စိတ်ထဲမှာ ပီတိဖြစ်။
“သြော်… ငါ ကုသိုလ်ကံကောင်းလိုက်တာ။”
★ နောက်ဘုရားသွားဖူးတာတွေ။ ရိပ်သာဝင်တာတွေ။ အဲ့ဒါတွေတွေးပြီးတော့ နေ့တိုင်းနေ့တိုင်း ပျော်ရွှင်မှုလေ့ကျင့်ခန်းလုပ်ပါ။ ဒီပျော်ရွှင်မှုလေ့ကျင့်ခန်းလုပ်တယ်ဆိုရင် ပျော်ရွှင်မှုအကျင့် တစ်ခုဖြစ်လာတယ်လို့ နာယူခဲ့ဖူးပါတယ်။
ပထမဆုံး ကိုယ့်ကိုယ်ကို ပျော်ရွှင်မှုလက်ဆောင်ပေးပြီး ထိုမှတဆင့် မိသားစုအဖွဲ့ဝင်၊ မောင်နှမတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ အားလုံးကို ပျော်ရွှင်မှုတွေ လက်ဆောင်ပေးနိုင်တဲ့သူများဖြစ်အောင် ကြိုးစားကြရပါမယ်။

“ဒီနေရာမှာ ကျွန်မကတော့ ဘယ်ဘာသာမို့ ဘယ်သူရေးတဲ့ အရေးအသားတွေကိုတော့ မဖတ်ဘူးလို့ မရှိပါဘူး။ ကျွန်မဘဝအတွက် အရေးပါတယ်လို့ မြင်ရင် ဆောင်သင့်တာဆောင်ပြီး အဆိပ်သင့်စေတဲ့ စာအရေးအသားတွေဆိုရင်တော့ မဖတ်ပဲရှောင်ပါတယ်။” စာရေးတာလည်း တော်တော်များသွားပြီမို့ ဒီစာလေးကို ရပ်ခွင့်ပြုပါနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်မှုရဲ့ အရင်းအမြစ် ကိုလည်း ရှာဖွေတွေ့ရှိနိုင်ကြပါစေနော်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *