System Work Style

ကျွန်မ နှင့် Spiceworks Myanmar

အားလုံးပဲ မင်္ဂလာပါရှင့်။

ကျွန်မကတော့ Spiceworks Myanmar ကုမ္ပဏီတွင် Administration Assistant အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိသော လဲ့ရည်ဖြိုး ဖြစ်ပါတယ်။ ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီသည် Web Design & Development Production Company တစ်ခုဖြစ်ပြီး Japan & Myanmar Company တစ်ခုဖြစ်ပါတယ်။ ထို့ပြင် ကျွန်မတို့ Spiceworks Myanmar ကုမ္ပဏီမှာ Design Group, System Group များအပြင် Internal Group အဖြစ် HR Group, Maintenance Group, Education Group နှင့် Marketing Group များဖြင့် ဖွဲ့စည်းထားတာကြောင့် အခုလက်ရှိမှာတော့ ကျွန်မက HR Group ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်မသည် Spiceworks Myanmar ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ခဲ့တာ (၄) နှစ်ပြည့်တော့မည်ဖြစ်သည်။ ထို့ကြောင့် ယခု Blog တွင် ကျွန်မ နှင့် Spiceworks Myanmar ဆိုတဲ့ ခေါင်းစဥ်ဖြင့် (၄)နှစ်တာမှတ်တိုင်တစ်ခုကို အမှတ်တရအနေဖြင့် ကျွန်မ၏ ထို (၄)နှစ်တာအတွင်းမှာ တိုးတက်လာခဲ့သောအရာများ၊ လေ့လာသင်ယူရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများ၊ ပြုပြင်ပြောင်းလဲလာခဲ့သော ‌မိမိ၏ ဘဝတိုးတက်မှုအခြေအနေများနှင့် စိတ်နေစိတ်ထားများအကြောင်းကို မျှဝေပေးသွားချင်ပါတယ်။

လွန်ခဲ့သော ၂၀၂၀ ခုနှစ်အစပိုင်းမှာ နယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်မြို့ကို ထက်သန်သော၊ အလုပ်လုပ်ချင်သော စိတ်လေးတစ်ခုဖြင့်သာ အလုပ်လုပ်ရန် ရောက်လာခဲ့ပါတယ်။ အလုပ်ရှာနေချိန်မှာပင် အသိမိတ်ဆွေတစ်ဦးကနေတဆင့် Spiceworks Myanmar ကုမ္ပဏီမှာ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့ကျွန်မကို Internship အနေနဲ့ စတင်ဝင်ရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ထို Internship ကမှတဆင့် လအနည်းငယ်ကြာပြီးတဲ့နောက်မှာ Spiceworks Myanmar ကုမ္ပဏီမှာ Administration Assistant အနေဖြင့် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

ဒီကုမ္ပဏီမှာ အလုပ်ရခဲ့ပြီးနောက် ကျွန်မအနေဖြင့် နေရာသစ်၊ ပတ်ဝန်းကျင်သစ်၊ လုပ်ငန်းခွင်သစ်မှာ လုပ်ဖော်ကိုင်ဖက်အသစ်များနဲ့ ပြောင်းလဲလုပ်ကိုင်ရမှာဖြစ်တာကြောင့် စစချင်းမှာ ကျွန်မအတွက် စိုးရိမ်ပူပန်မှု၊ အခက်အခဲများနဲ့ ‌ရင်ဆိုင်ဖြတ်သန်းရတဲ့အခိုက်အတန့်တော့ ရှိခဲ့ပါတယ်။ သို့ပေမယ့် ပဲ့ကိုင်ရှင်ကောင်း၏အုပ်ချုပ်မှုအောက်မှာ လုပ်ကိုင်ခွင့်ရတာရယ်၊ မှန်ကန်မျှတမှုရှိပြီး လူတော်လူကောင်းများဖြင့်တည်ဆောက်ထားသော လုပ်ငန်းခွင်တစ်ခုဖြစ်တာရယ်၊ အားလုံးက နွေးထွေးစွာကြိုဆိုကြခြင်း၊ အထက်လူကြီးများ၏ ဝန်ထမ်းများအပေါ် လေးစားတန်ဖိုးထားကြပြီး ဂရုတစိုက်ရှိခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကလည်း အပြန်အလှန် လေးစားတန်ဖိုးထားကြပြီး ဂရုတစိုက်ရှိခြင်း၊ အထက်လူကြီး၏ လမ်းညွှန်သွန်သင်မှု၊ ဝန်ထမ်းများအချင်းချင်း၏ လက်တွဲခေါ်သင်ပြပေးမှုများ စတဲ့ အကြောင်းအရာများကြောင့် အလုပ်လုပ်ရတာ ပျော်ရွှင်ခဲ့ရပြီး အဆင်ပြေခဲ့ပါတယ်။
ဆက်လက်ပြီး လေ့လာသင်ယူရရှိခဲ့သော လုပ်ငန်းအတွေ့အကြုံများအကြောင်းကို မျှဝေပေးချင်ပါတယ်။
(၁) ဝန်ထမ်းရေးရာ‌‌ဆောင်ရွက်မှု၊ ရုံးပိုင်းဆိုင်ရာဆောင်ရွက်မှု လုပ်ငန်းအတွေ့အကြုံများ၊

(၂) စာစီစာရိုက်ခြင်းနှင့် စာရင်းပိုင်းဆိုင်ရာ ပညာရပ်များ၊

(၃) အခွန်၊ SSB နှင့်ပတ်သက်၍ အစိုးရရုံးများနှင့်ဆက်သွယ်ပြီး လုပ်ဆောင်ရသော လုပ်ငန်းပိုင်းဆိုင်ရာများ၊

(၄) HR ပိုင်းဆိုင်ရာဆောင်ရွက်မှု လုပ်ငန်းအတွေ့အကြုံများ၊

(၅) Task management, Time management များဖြင့် တိကျသေချာပြီး စည်းစနစ်ကျကျနဲ့ ရလဒ်ကောင်းစွာလုပ်ဆောင်တတ်စေရန် Management Skill များ စသဖြင့် လေ့လာသင်ယူခဲ့ရပါတယ်။
ဆက်လက်ပြီး (၄)နှစ်တာကြာပြီးနောက် တိုးတက်ပြောင်းလဲလာခဲ့သောအရာများနှင့် စိတ်နေစိတ်ထားများအကြောင်းကို မျှဝေပေးချင်ပါတယ်။
(၁) ရုံးတွင်းတွင် HR ပိုင်းမှာ တာဝန်ယူဆောင်ရွက်ရတာဖြစ်တဲ့အတွက် HR ပိုင်းကို အရင်ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ရန်အတွက်လိုအပ်တာများကို ပိုလေ့လာဖြစ်ခဲ့ပြီး HR ပိုင်းဆိုင်ရာလုပ်ငန်းများအကြောင်း နားလည်သဘောပေါက်လာခဲ့ပါတယ်။

(၂) ရုံးမှာက တစ်ပတ်တစ်ကြိမ် အလှည့်ကျ presentation ပြုလုပ်ပြီး Blog ရေးရတာကြောင့် မိမိအလှည့်ကျလျှင် ပြုလုပ်ရန်အကြောင်းအရာကို တစ်ကြိမ်နှင့်တစ်ကြိမ် အကြောင်းအရာများမတူအောင် ဖန်တီးနိုင်ရန်အတွက် လေ့လာပြီး sharing လုပ်ဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် ကျွန်မအနေဖြင့် အသစ်သစ်သော ဗဟုသုတများကို ရရှိလာခဲ့ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာခဲ့ပါတယ်။ 

(၃) ရုံးတွင်းတွင် တစ်ပတ်တစ်ရက် လုပ်ငန်းခွင်နေရာတွင် stress များ လျော့ကျပြီး အလုပ်လုပ်ရတာ relax ဖြစ်နေအောင် HR မှ ဆောင်ရွက်ပေးခြင်း၊ လကုန်ရက်တိုင်း monthly party တို့၊ member birthday တို့ ပြုလုပ်ပေးခြင်းများကြောင့် လုပ်ဖော်ကိုင်ဖက်များနှင့် Communication Skills များ ကောင်းမွန်လာပြီး အလုပ်ခွင်မှာ ပျော်ရွှင်ခဲ့ပါတယ်။

(၄) ရုံးမှာက တနင်္လာနေ့တိုင်း 15 မိနစ် Mindfulness လုပ်ခြင်း၊ Thank You (ကျေးဇူးတင်စကားပြောခြင်း)၊ Positive Thinking များ မျှဝေခြင်းနှင့် ရုံးတွင်း ဖန်တီးထားပေးသော library ကြောင့် စာအုပ်ဖတ်တဲ့အလေ့ကျင့်ကောင်းများရရှိခဲ့ခြင်း စတဲ့ ရုံးတွင်း activities များကြောင့် အရင်ထက်ပိုပြီး အကောင်းမြင်စိတ်များဖြင့် နေထိုင်တတ်လာပြီး အလေ့ကျင့်ကောင်းများဖြင့် ပြုမူနေထိုင်တတ်လာခဲ့ပါတယ်။

(၅) ရုံးတွင်းရဲ့ (၃)လတစ်ကြိမ် ပုံမှန်ပြုလုပ်ဖြစ်တဲ့ Charity ကလည်း မိဘမဲ့ကျောင်းများ၊ ‌ခွေးဂေဟာများကိုလှူဒါန်းခြင်း စတဲ့ အလှူအတန်းများပြုလုပ်ခြင်းကလည်း ကျွန်မအတွက် အလေ့အကျင့်ကောင်းလေးတစ်ခုကို မွေးမြူနေထိုင်တတ်ခဲ့ပါတယ်။
ထိုကဲ့သို့သော ကောင်းမွန်တဲ့အလေ့အထများစွာ ပြည့်နေသောလုပ်ငန်းခွင်တစ်ခု၊ အထက်လူကြီး၏ သွန်သင်ညွှန်ပြမှု၊ လုပ်ဖော်ကိုင်ဖက်များ၏ လက်တွဲခေါ်သင်ပြပေးမှုများကြောင့် ကျွန်မ၏ လိုအပ်ချက်များကို သိရှိခဲ့ရပြီး အရင်နဲ့မတူသော ဘဝတိုးတက်ပြောင်းလဲမှုနှင့် ကောင်းမွန်သောစိတ်နေစိတ်ထားပြောင်းလဲခြင်း အခြေအနေတစ်ခုသို့ ပြုပြင်ပြောင်းလဲလာခဲ့ပါတယ်။
ထို့ကြောင့် (၄) နှစ်တာကို ပြန်လည်သုံးသပ်ရင်း ဆက်လက်ကြိုးစားသွားပါဦးမည်။

Hello

Leave a Reply

Your email address will not be published. Required fields are marked *