Others

Irrawaddy Dolphins

အားလုံးပဲ မင်္ဂလာပါရှင့်။

ညီမကတော့ Spiceworks Myanmar မှာ Backend developer အနေနဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ မသဲစုလွင်ဖြစ်ပါတယ်။ ဒီတစ်ခါမှာ ညီမပြောပြချင်တဲ့အကြောင်းအရာလေးကတော့ Irrawaddy Dolphins (ဧရာဝတီလင်းပိုင်) များအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တစ်ကမ္ဘာလုံးတွင်ရှိသော ရေချိုလင်းပိုင် အားလုံးကို ဧရာဝတီ လင်းပိုင်ဟု စတွေ့သည့်သူက ခေါ်ဆိုခဲ့ခြင်းဖြစ်ပါသည်။ သတ္တဗေဒအခေါ်မှာ Orcaella brevirostris ဖြစ်ပြီး မြန်မာနိုင်ငံတွင် တွေ့သောငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ပါသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေ နို့တိုက်သတ္တဝါ တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင်များ ကျက်စားရာနေရာများမှာ ဧရာဝတီမြစ်အတွင်း ဗန်းမော်နှင့် မန္တလေးမြို့အကြားရှိ မြစ်ပိုင်းအတွင်းပေါက်ဖွား ရှင်သန်လျက်ရှိပါသည်။ ထို့အပြင် အရှေ့တောင်အာရှ မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ဂင်္ဂါမြစ် နှင့် မဲခေါင်မြစ် တို့အပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းပေါ်ရှိ မဟာခန်မြစ်ကြီးထဲတွင် တွေ့ရှိရသည်။ ဧရာဝတီ လင်းပိုင်များသည် တစ်ကမ္ဘာလုံးတွင် ဧရာဝတီမြစ်အပါအဝင် အာရှတိုက်နေရာ (၈)နေရာတွင်သာ တွေ့ရှိရသည့် ရှားပါးမျိုးစိတ်ဖြစ်ပြီး အရှေ့တောင်အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်ပါသည်။

ဧရာဝတီလင်းပိုင်၏ အရွယ်အစားမှာ အရှည် ၁.၂ မှ ၂.၇ မီတာအထိရှိပြီး အခြားရေချိုလင်းပိုင်များကဲ့သို့ ရှည်သောနှုတ်သီးရိုးတံမပါရှိဘဲ ဦးခေါင်းလုံးလုံးဝန်းဝန်းသဏ္ဍာန် ရှိသည်။ ကျောပြင်နှင့် နံဘေး အပြာရောင် (သို့) မွဲပြာရောင်ဖြစ်ကာ ဝမ်းဗိုက်ပိုင်းတစ်လျှောက်လုံးမှာ အရောင်ဖျော့၍ အဖြူရောင်သန်းသည်။ ရင်ပိုင်းရေယက် (၂) ခုမှာ လှော်တက်ပုံရှိပြီး ကျောဘက်ရေယက်တောင်မှာ လုံးဝန်းပါသည်။ ဧရာဝတီလင်းပိုင်သည် (၁၄)လကြာအောင် သန္ဓေဆောင်ပြီး တစ်ကြိမ်လျှင် တစ်ကောင်သာ သားမွေးပါသည်။ ဧရာဝတီလင်းပိုင်များသည် (၁၀) ကောင်ထက်နည်းသော အုပ်စုငယ်ဖြင့် တွေ့ရတတ်သည်။

၂၀၀၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပထမဆုံးအကြိမ်လေ့လာမှုပြုလုပ်ပြီး စာရင်းပြုစုခဲ့ရာတွင်ဗန်းမော်မြို့နှင့် မင်းကွန်းကြားတွင် (၃၇) ကောင်တွေ့ရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် မန္တလေးနှင့်ဗန်းမော််မြို့ကြား ဧရာဝတီမြစ်ကြောင်းအတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ ပြီးခဲ့သောနှစ်များအတွင်း ရေချိုလင်းပိုင်အရေအတွက်(၆၀)ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့သည်။ ဧရာဝတီ လင်းပိုင်များကို မြန်မာနိုင်ငံတွင် ယခုအချိန်ရရှိနိုင်သမျှအကောင်းဆုံးခန့်မှန်းထားသည့် အရေအတွက်မှာ ၅၉ ကောင်မှ ၇၂ ကောင်ကြားရှိမည်ဟု ခန့်မှန်းထားပါသည်။

ဧရာဝတီလင်းပိုင်များနှင့်တံငါသည်များ ပူးပေါင်းပြီး ငါးဖမ်းသောအလေ့အထတစ်ခုလည်းရှိပါသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းရွာအနီးတွင်ရှိသော တံငါသည်များသည် ၎င်းတို့ဘိုးဘွားလက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီနှင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။ တံံငါသည်များက သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။

ယခုအချိန်တွင် ဧရာဝတီလင်းပိုင်းများသည် မျိုးသုန်းပျောက်ကွယ်ရန် အန္တရာယ်ရှိသောအဆင့်ကိုရောက်နေပါသည်။ လင်းပိုင်များကိုမျိုးတုန်းစေသည့် အဓိကအကြောင်းအရင်းမှာ လျှပ်စစ်ဓာတ်နှင့်ရှော့တိုက်ငါးဖမ်းခြင်းဖြစ်သည်။ ထို့အပြင် ဧရာဝတီမြစ်ကမ်းနံဘေးတွင်ရှိသော စိုက်ပျိုးခင်းများမှထွက်သော ဓာတုပိုးသတ်ဆေးများ၊ စက်မှုကုန်ထုတ်စက်ရုံများမှထွက်သော ရေဆိုးများကြောင့် ရေညစ်ညမ်းမှုဖြစ်လာပြီး ငါးများသေဆုံးခြင်း၊ ငါးမျိုးပွားနှုန်းများကျဆင်းလာခြင်း၊ မြစ်ချောင်းများကောလာခြင်းတို့သည်လည်း ထည့်သွင်းစဥ်းစားရမည့် အကြောင်းများဖြစ်ပါသည်။ 

ထို့ကြောင့် ရှားပါးပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ထိန်းသိမ်း‌ကာကွယ််ရေးနယ်မြေများသတ်မှတ်ထားခြင်း၊ ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်းများလျော့နည်းစေရေးအတွက် လူထုကို အသိပညာပေးခြင်းများ၊ လင်းပိုင်ကြည့်ရှုခြင်းခရီးစဉ်များနှင့် Wildlife Conservation Society (WCS) Myanmar မှ စတင်အကောင်အထည်ဖော်ခဲ့သော Save Irrawaddy Dolphin Campaign များပြုလုပ်ပြီး ဧရာဝတီလင်းပိုင်များသည် ရှားပါးမျိုးစိတ်ဖြစ်ပြီး အားလုံးအတူတကွထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်းအသိပညာပေးခြင်းများပြုလုပ်ခဲ့ပါသည်။

အခုပြောပြခဲ့သည့် အကြောင်းအရာများသည် မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်အတွင်း ကျင်လည်ကျက်စားနေထိုင်လျက်ရှိသော ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင်များအကြောင်းဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးခဲ့သော စာဖတ်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ စာဖတ်သူများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

 

Hello

Leave a Reply

Your email address will not be published. Required fields are marked *